top of page

မလွှဲမရှောင်သာဟု ဆိုရာဝယ်

  • Writer: Ye Myo Zaw
    Ye Myo Zaw
  • May 25, 2021
  • 2 min read

၁၉၄၇ အခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ၁၉၅၁ မှာ တစ်ကြိမ်၊ ၁၉၅၆ မှာ တစ်ကြိမ်၊ နှစ်ကြိမ်ကျင်းပခဲ့ပါတယ်။ သက်တမ်း(၈)နှစ်ရှိတဲ့ ဒီမိုကရေစီအစိုးရထဲမှာ အာဏာလုမှုတွေ ပြင်းထန်လာပါတယ်။ ဆိုရှယ်လစ်အချင်းချင်းနေရာလုရာကနေ ဖဆပလအစိုးရအဖွဲ့ဟာ နု-တင် ဦးဆောင်တဲ့ သန့်ရှင်းဖဆပလနဲ့ ဆွေ-ငြိမ်းဦးဆောင်တဲ့ တည်မြဲဖဆပလဆိုပြီး ၁၉၅၈ မှာ နှစ်ခြမ်းကွဲသွားပါတယ်။ ဝန်ကြီး ၃၀ ရှိတဲ့အနက် သန့်ရှင်းအုပ်စုက ၁၅ ဦး၊ တည်မြဲက ၁၅ ဦး ဖြစ်နေပါတယ်။ လွှတ်တော်အမတ် ၁၂၉ က သန့်ရှင်း၊ ၁၁၉ ဦးက တည်မြဲ ဖြစ်နေတဲ့အတွက် အမတ်အင်အားလည်း မတိမ်းမယိမ်း ဖြစ်နေပါတယ်။ ဒါကြောင့် အတိုက်အခံအမတ်တွေ ထောက်ခံတဲ့ သန့်ရှင်းဖဆပလက အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ သန့်ရှင်းနဲ့ တည်မြဲ တစ်ဦးနဲ့တစ်ဦး အပြတ်ရှင်းဖို့ ကြိုးစားပါတော့တယ်။ သူပုန်အားလုံးကို သန့်ရှင်းအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ကိစ္စကို တည်မြဲနဲ့ စစ်တပ်က မကြိုက်ကြပါဘူး။ တည်မြဲဖဆပလဘက်က ပင်းနေတဲ့ စစ်တပ်ကို တန်ပြန်ဖို့အတွက် စစ်ရဲတပ်ဖွဲ့ ရန်ကုန်ကို ရွှေ့ပြောင်းတာကိုလည်း စစ်တပ်က သဘောမကျပါဘူး။ နောက်ဆုံး အာဏာလွှဲပေးဖို့ စစ်တပ်က တောင်းဆိုလာတာကို ဝန်ကြီးချုပ်ဦးနုက လိုက်လျောလိုက်ပါတယ်။

၂၀၀၈ အခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ၂၀၁၀ မှာ တစ်ကြိမ်၊ ၂၀၁၅ မှာတစ်ကြိမ်၊ ၂၀၂၀ မှာ တစ်ကြိမ် သုံးကြိမ်ကျင်းပခဲ့ပါတယ်။ သက်တမ်း(၁၀)နှစ်ရှိတဲ့ အစိုးရနှစ်ဆက်ကို ဦးသိန်းစိန် (၅)နှစ်၊ ဒေါ်အောင်ဆန်းစုကြည် (၅)နှစ် ဦးဆောင်ခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ခေတ်မှာတော့ စစ်တပ်နဲ့ အစိုးရဟာ တစ်သားတည်းဖြစ်ခဲ့ပေမဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်စုလက်ထက်မှာတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူနဲ့ ဒေါ်စုဟာ စစ်တပ်နဲ့ အတူ အစိုးရနှစ်ရပ်သဖွယ် အုပ်ချုပ်ခဲ့ရပါတယ်။ စစ်တပ်ထိန်းချုပ်မှုအောက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက် လွှဲယူနိုင်ခဲ့ပေမဲ့ ၂၀၀၈ ခြေဥအရ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာမှာ စစ်ဝန်ကြီး သုံးဦး၊ လွှတ်တော်အသီးသီးမှာ စစ်သား ၂၅ ရာနှုန်းနဲ့ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ ကာလုံမှာလည်း စစ်ဘက်က ဦးရေအသာယူထားခဲ့ပါတယ်။ ဒါကြောင့် ဒေါ်စုဟာ တိုင်းရင်းသားတွေထက် စစ်တပ်နဲ့ ရင်ကြားစေ့နိုင်ဖို့အရေး အလေးထားခဲ့ပါတယ်။ စစ်တပ်က ကျူးလွန်တဲ့ ရိုဟင်ဂျာအရေးကို အိုင်စီဂျေနိုင်ငံတကာတရားရုံးထိ ဒေါ်စုကိုယ်တိုင် သွားဖြေရှင်းခဲ့သလို AA ကို အသက်စွန့်ချေမှုန်းပေးနေတဲ့ စစ်သားတွေကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲနီးလာတဲ့အခါမှာတော့ ပြင်လို့မရမှန်းသိပါလျက် လွှတ်တော်လမ်းကြောင်းကနေ ၂၀၀၈ ခြေဥကို ပြင်ဖို့ ဒေါ်စုဦးဆောင်တဲ့ NLD က ကြိုးစားခဲ့ပါတယ်။ သူတိုးထားပြီး ဆက်ယူထားတဲ့ ပင်စင်သက်တမ်း ၆၅ နှစ် ၂၀၂၁ ဧပြီမှာ ပြည့်တော့မယ့် ကာချုပ် မင်းအောင်လှိုင်ဟာလည်း ရွေးကောက်ပွဲမှာ NLD ကပဲ အပြတ်အသတ်နိုင်သွားတာကို မဲစာရင်းမသမာမှုတွေရှိနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ NLD အစိုးရကို သူ့လိုလားချက်တွေတောင်းဆိုပြီး အကျပ်ကိုင်ပါတော့တယ်။ သူအကျပ်ကိုင်နိုင်အောင်လည်း ကိုယ်စားလှယ် ၂၁၀၀ကျော်နဲ့ ဝင်ပြိုင်ပြီး ၉၀ကျော်ပဲအနိုင်ရခဲ့တဲ့ ပါတီ ၃၄ ပါတီက နေပြည်တော်ထိ အားကိုးတကြီး သွားတွေ့ခဲ့ပါတယ်။ "ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး" ဆိုပြီး နောက်ဆုံးတော့ ၂၀၀၈ ခြေဥကိုပါ လွန်ဆန်ပြီး အာဏာသိမ်းလိုက်ပါတော့တယ်။

ဒီမိုကရေစီစနစ်ကြောင့် ဖြစ်တည်နေတဲ့ နိုင်ငံရေးပါတီတွေဟာ ကိုယ့်နိုင်ငံရေးရည်မှန်းချက်မအောင်မြင်တဲ့အခါ စစ်တပ်ကိုအားကိုးပြီး စစ်တပ်ဝင်ရောက်စွက်ဖက်နိုင်အောင် လမ်းခင်းပေးတာဟာ ဒီမိုကရေစီကို ကြိုးကွင်းစွပ်သလို ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ဗိုလ်နေဝင်းဟာ သူအိမ်စောင့်အစိုးရဝန်ကြီးချုပ်လက်ထက်မှာ ကျင်းပခဲ့တဲ့ ၁၉၆၀ ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ရောထွေးယှက်တင်ဖြစ်ခဲ့တဲ့ တည်မြဲဖဆပလကို နိုင်ခဲ့တဲ့ ဦးနုရဲ့ ပြည်ထောင်စုပါတီအစိုးရကိုလည်း ဖြုတ်ချအာဏာသိမ်းဖို့ ဝန်မလေးခဲ့ပါဘူး။ အာဏာပြန်ရလာတဲ့အခါမှာ စစ်တပ်နဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ဖို့ ဦးနုသတိမရခဲ့တာကြောင့်လည်း ဘေးဖယ်ခံရတဲ့ ဗိုလ်နေဝင်းနဲ့ နောက်လိုက်စစ်ဗိုလ်တွေ အာဏာသိမ်းခဲ့ကြတာလို့ သမိုင်းပညာရှင်အချို့က ဆိုကြပါတယ်။ တိုင်းရင်းသားတွေဘက်ကပါ သံသယဖြစ်ရလောက်တဲ့ထိ ပြန်လည်သင့်မြတ်ရေးလုပ်ခဲ့တဲ့ ဒေါ်စုကိုလည်း ကာချုပ်မင်းအောင်လှိုင်က အာဏာသိမ်းလိုက်တာပါပဲ။

၁၉၄၇ အခြေခံဥပဒေဟာ သဘောထားကွဲလွဲသူတွေ အတူတကွ နေနိုင်အောင် စီစဉ်ထားတဲ့စနစ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဆန့်ကျင်ဘက်နိုင်ငံရေးအယူအဆရှိသူတွေအတူနေထိုင်နိုင်တဲ့ အစဉ်အလာ မြန်မာပြည်မှာ မရှိပါဘူး။ အင်္ဂလိပ်ရှိတုန်းက ယှဉ်တွဲနေထိုင်ခဲ့ကြတဲ့ ဆန့်ကျင်ဘက်အုပ်စုတွေဟာ အင်္ဂလိပ်မရှိတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး အပြင်းအထန်တိုက်ဖို့သာ စိတ်ဝင်စားကြပါတယ်။ ရွေးကောက်ပွဲကိုလည်း တန်ဖိုးထားရကောင်းမှန်း မသိပါဘူး။ စစ်တပ်အာဏာသိမ်းလို့ ပါလီမန်ဒီမိုကရေစီစနစ် နိဂုံးချုပ်သွားတာကို ပညာတတ်အနည်းငယ်ကလွဲပြီး ဘယ်သူကမှ စိတ်မကောင်းမဖြစ်ခဲ့ကြပါဘူးလို့ သမိုင်းပါမောက္ခ ဒေါက်တာမောင်မောင်ကြီးက ဆိုခဲ့ပါတယ်။ ခု ၂၀၂၁ အာဏာသိမ်းတာကိုတော့ ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နဲ့ လက်မခံတဲ့အပြင် အသက်ပေးဆန့်ကျင်တိုက်ပွဲဝင်နေကြတာကို သွားလေသူ ဆရာကြီးခမျာ မကြုံခဲ့လိုက်ရရှာပါဘူး။ ။

မောင်သာ.K

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Ye Myo Zaw. Proudly created with Wix.com

bottom of page