ပုဂ္ဂိုလ်ကျော်များ၏ အစ္စလာမ်အပေါ်ရှုမြင်ချက်သဘောထားများ
- Ye Myo Zaw
- Apr 14, 2020
- 4 min read
ရဲမျိုးဇော်
အစ္စလာမ်၏သရုပ်မှန်ကို နားလည်သော ကမ္ဘာကျော်ပုဂ္ဂိုလ်များအနက် အကြမ်းမဖက်ငြိမ်းချမ်းရေးနည်းကို ကိုင်ဆွဲသော အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်သူ မဟတ္တမဂန္ဓီကြီးက "အလ္လာမာရှိဗ္ဗလီရေးသားသော စီရတ်သွန်နဗီကျမ်းကိုကြည့်ပြီး အစ္စလာမ်ဘာသာသည် ကမ္ဘာသူကမ္ဘာသားတို့အား ဓားမိုးပြီးလွှမ်းမိုးခြင်း လုံးဝ မဟုတ်ကြောင်း ကျွနု်ပ်၏ ယုံကြည်ချက်မှာ ပိုမိုခိုင်မြဲလာတော့၏။ အစ္စလာမ်သာသနာလွှမ်းမိုးလာခြင်းမှာ တမန်တော်မုဟမ္မဒ်၏ ကိုယ်ကျိုးမဖက်ခြင်း၊ ရိုးသားခြင်း၊ ကတိတည်ခြင်း၊ တပည့်သားတို့အား ကိုယ်နှင့်ထပ်တူသဘောပိုက်ခြင်း စသည့် အရည်အချင်းများကြောင့်ဖြစ်ပြီး ဤသို့ဖြင့် အခက်အခဲများကို အောင်မြင်ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်သည်။ မုဟမ္မဒ်အတ္ထုပ္ပတ္တိ ဒုတိယတွဲကို ဖတ်ပြီးသည့်နောက် ယခုကဲ့သို့ ကြီးကျယ်ထူးကဲသည့် အတ္ထုပ္ပတ္တိမျိုး နောက်တစ်ကြိမ်ဖတ်ခွင့်ရမှာမဟုတ်တော့၍ ဝမ်းနည်းကြေကွဲမိပါသည်" ဟူ၍ အားကျဂုဏ်ယူစွာဆိုခဲ့သည်။
ကမ္ဘာကျော်စာရေးဆရာကြီးတစ်ဦးဖြစ်သော ဘာသာတရားများကိုပင် သရော်လေ့ရှိသူ သရော်စာဘုရင် စာပေနိုဘယ်လ်ဆုရှင် ဘားနဒ်ရှောကလည်း "အကယ်၍သာ မုဟမ္မဒ်ကဲ့သို့ပုဂ္ဂိုလ်တစ်ဦး ကမ္ဘာ့အာဏာရှင်ဖြစ်အံ့။ ရှုပ်ထွေးပွေလီလှသော ကမ္ဘာ့ပြဿနာအရပ်ရပ်တို့မှာ ပြေလည်၍ ကျွနု်ပ်တို့ လိုလားတောင့်တနေသော ငြိမ်းချမ်းရေး၊ ပျော်ရွှင်မှုတို့မှာလည်း မုချရမည်ဟု ကျွနု်ပ်စွဲမြဲစွာ ယုံကြည်မိပါ၏" ဟု ဖွင့်ဟခဲ့သည်။
ထို့အပြင် ရုရှားအတွေးအခေါ်ပညာရှင်ကြီး တော်စတွိုင်းကလည်း "မုဟမ္မဒ်သည် မြင့်မြတ်သော ကမ္ဘာ့ပြုပြင်ရေးရှေ့ဆောင်တစ်ဦးဖြစ်သည်။ သူသည် လူအချင်းချင်းညီညွတ်မှုကို အစွမ်းကုန်ဆောင်ရွက်ခဲ့သည်။ သူ၏ ဂုဏ်ကျေးဇူးကား ရိုင်းစိုင်းလှသော လူမျိုးတို့အား အလင်းရောင်ပေး၍ လမ်းမှန်ပြနိုင်ခြင်းဖြင့်ပင် လုံလောက်ပါ၏" ဟု ဆိုခဲ့သည်။
ကမ္ဘာကျော် "The 100: A Ranking of the Most Influential Persons in History" စာအုပ်ကိုရေးသားသူ ခရစ်ယာန်စာရေးဆရာ Michael H-Hart ကလည်း ထိုစာအုပ်တွင် "... မုဟမ္မဒ် (Muhammad) ကို ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ်ထဲမှာ ထိပ်ကထည့်လိုက်တာကို တချို့လည်း အံ့သြမယ်၊ တချို့လည်း ဟုတ်ရဲ့လားကွဲ့လို့ မေးခွန်းထုတ်မယ်။ သမိုင်းကိုပြန်ကြည့်ရင် ကိုးကွယ်ယုံကြည်မှုဘက်၊ ပြည်ရေးရွာမှုဘက် နှစ်ဖက်စလုံးမှာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ယုံကြည်မှုနဲ့ နိုင်ငံအုပ်ချုပ်ရေးကို တွဲဖက်ပေးတဲ့နေရာမှာ ဘယ်သူမှ မယှဉ်နိုင်အောင် ကောင်းမွန်အောင်မြင်တယ်။ အဲ့ဒါရဲ့အရင်းခံက မုဟမ္မဒ်ရဲ့အစွမ်းဖြစ်လို့ သူ့ကို လူ့သမိုင်းမှာ တန်ခိုးသြဇာအကြီးမားဆုံးပုဂ္ဂိုလ်လို့ မှတ်ယူရခြင်းဖြစ်ပါတယ်... " ဟု ရေးသားထားသည်။
"Life of Pi" ဝတ္ထုဖြင့် နာမည်ကျော်ကြားသူ ကနေဒါနိုင်ငံသား ဝတ္ထုရေးဆရာ Yann Martel ကလည်း "ကျွန်တော် ဘယ်သူ့ကိုမဆို စိန်ခေါ်ပါတယ်။ အစ္စလာမ်ကိုချစ်ဖို့ မဟုတ်ပါဘူး။ အစ္စလာမ်နဲ့ အစ္စလာမ်ရဲ့အနှစ်သာရကို နားလည်သဘောပေါက်ဖို့လေးပါပဲ။ အစ္စလာမ်ဟာ ညီရင်းအစ်ကို မောင်ရင်းနှမစိတ်ဓာတ်နဲ့ ဘာသာတရားကိုင်းရှိုင်းမှု၊ သစ္စာရှိမှုတို့ရဲ့ လှပတဲ့ သာသနာတစ်ခုပါ" ဟု ဖွင့်ဟခဲ့သည်။
ထို့အပြင် "War and Peace" ဝတ္ထုရှည်ကြီးဖြင့် နာမည်ကျော်ကြားသူ ရုရှားဝတ္ထုရေးဆရာကြီး Leo Tolstoy ကလည်း "... မုဟမ္မဒ်ဟာ ဘုရားသခင်ကို လူသားတစ်ဦးအဖြစ် မယူဆတဲ့အပြင် သူ့ကိုယ်သူလည်း ဘုရားသခင်နဲ့တန်းတူ ဘယ်တော့မှမထားပါဘူး။ မွတ်စ်လင်မ်တွေဟာ ဘုရားသခင်အပြင် ဘယ်အရာကိုမှ မကိုးကွယ်ကြပါဘူး။ မုဟမ္မဒ်ကိုလည်း ထာဝရဘုရားသခင်ရဲ့ တမန်တော်အဖြစ်သာ မှတ်ယူကြရပါတယ်။ အဲ့ဒီမှာ ဘာလျှို့ဝှက်ချက်မှနဲ့ လျှို့ဝှက်ထားတဲ့ ဘာသာရေးယုံကြည်ချက်တစ်ခုမှ မရှိပါဘူး" ဟု ပြတ်ပြတ်သားသားဖွင့်ဆိုခဲ့သည်။
မြန်မာ့စာရေးဆရာ ဗန်းမော်တင်အောင် (၁၉၂၀-၁၉၇၈) ကလည်း သဘာဝသိပ္ပံမဂ္ဂဇင်းတွင် "...မုဟမ္မဒ်သည် မက္ကာဟ်နှင့် မဒီနာမြို့ပြနိုင်ငံ နှစ်နိုင်ငံတို့ကို ၇ ရာစုနှစ်များအစပိုင်းလောက်တွင် စတင်သိမ်းသွင်းစုစည်းမိ၏။ ရာစုနှစ်ပေါင်းများစွာ အစုစု အသင်းအသင်းကွဲကာ ကျဉ်းကျဉ်းမြောင်းမြောင်း နေထိုင်လျက်ရှိနေခဲ့ကြသော အာရပ်လူ့အဖွဲ့အစည်းအရုံးကလေးများကို သိမ်းသွင်းစုစည်းရသော စည်းရုံးရေးလုပ်ငန်းသည် သေးငယ်လွယ်ကူသော ကိစ္စတစ်ရပ်မဟုတ်ပေ။ အလွန်တရာ လေးလံခက်ခဲသော လုပ်ငန်းကြီးတစ်ခုဖြစ်၏။ မုဟမ္မဒ်သည် သာမန်စည်းရုံးရေးသမားကြီးတစ်ဦးသာ မဟုတ်ပေ။ နိုင်ငံရေး၊ စစ်ရေးနှင့် ယဉ်ကျေးမှုခေါင်းဆောင်ကြီးတစ်ဦးပါဖြစ်၏..."ဟု ရေးသားခဲ့ပေသည်။
ဗြိတိသျှစွယ်စုံကျမ်း အတွဲ ၁၂ တွင်လည်း "သမိုင်း၏ စောစွာသောကဏ္ဍ အခြေအနေများတွင် များစွာသော အသေးစိတ် အချက်အလက်များအရ သူ "မုဟမ္မဒ်" သည် ရိုးသားဖြောင့်မတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထို့ပြင် ရိုးသားဖြောင့်မတ်သော အခြားပုဂ္ဂိုလ်မွန်များ၏ ကျေးဇူးသစ္စာစောင့်သိခြင်းကို ခံခဲ့ရသူလည်းဖြစ်ပေသည်။ "မုဟမ္မဒ်"သည် တမန်တော်များနှင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များအနက် "အအောင်မြင်ဆုံးပုဂ္ဂိုလ်" ဖြစ်သည်" ဟု ရေးသားထားသည်။
နပိုလီယံဗိုနာပတ် (Ngpolean Bonaparte) ကလည်း "ကျွနု်ပ်မျှော်လင့်သည်မှာ နိုင်ငံအသီးသီးရှိ အတွေ့အကြုံအမြော်အမြင်အသိဉာဏ်ပညာကြွယ်ဝသည့် ပုဂ္ဂိုလ်များ၊ ပညာရှင်များကို စုစည်း၍ တစ်ပြေးညီ၊ မပြောင်းလဲသော အုပ်ချုပ်မှု၊ လူနေမှုစနစ်တစ်ခုကို ကျမ်းမြတ်ကုရ်အာန်၏ လမ်းညွှန်ချက်များအတိုင်း အခြေခံရေးဆွဲပြုစု တည်ဆောက်ရန်အချိန်မှာ သိပ်မဝေးကွာတော့ပြီဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်၏ လမ်းညွှန်ချက်များသာလျှင် တစ်ခုတည်းသော မှန်ကန်မှု၊ လူသားထုတစ်ရပ်လုံး လူမှုဘဝချမ်းမြေ့သာယာပျော်ရွှင်မှုအတွက် ဦးဆောင်နိုင်မှုကို ပေးစွမ်းနိုင်မည် ဖြစ်ပေသည်" ဟု ဖွင့်ဟခဲ့သည်။
ဒီဝမ်းချမ်ဒ်းသျှရမား (Diwan Chand Sharma) က "The Prophets of the East" စာအုပ်တွင် "သူ မုဟမ္မဒ်၏ ညှာတာထောက်ထားကြင်နာသော စိတ်နေသဘောထားနှင့် သူ၏ အကြင်နာတရားများက ပတ်ဝန်းကျင်ရှိ ပုဂ္ဂိုလ်တို့တွင် ဘယ်သောအခါမျှ မမေ့နိုင်ကြပေ" ဟု ရေးသားထားပေသည်။
အိန္ဒိယနိုင်ငံ၏ ထင်ပေါ်ကျော်ကြားသော ကဗျာဆရာမကြီး ဆရိုဂျင်နီနိုင်ဒူး (Sarojini Naidu) က "Ideals of Islam; Vide Speeches & Writings. Madras 1918. P. 169" တွင် "ကိုးကွယ်ယုံကြည်ရာ ဘာသာအယူဝါဒတစ်ခုအနေဖြင့် ဟောကြားပို့ချပြီး ဒီမိုကရေစီစနစ်ကို လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးသော ပထမဦးဆုံးသောဘာသာမှာ အစ္စလာမ်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဝတ်ပြုရန်အချိန်ကျရောက်၍ သံတော်ဆင့်မှ ဝတ်ပြုရန် ဖိတ်ခေါ်ကြွေးကြော်သံကို ကြားရသည့်အခါ ဝတ်ပြုသူများအားလုံး အတူတကွ စုရုံး၍ ဝတ်ပြုမည့်နေရာသို့ ရောက်ကြရပါသည်။ အစ္စလာမ်က ကျင့်သုံးနေသည့် နေ့စဉ် ၅ ကြိမ် ဝတ်ပြုမှုတိုင်းတွင် တောင်သူလယ်သမားနှင့် ဘုရင်ပင်ဖြစ်ပါစေ၊ ပခုံးခြင်းယှဉ်လျက် ထာဝရကိုးကွယ်ရာ တုနှိုင်းမဲ့ အရှင်သာလျှင် အကြီးကျယ်ဆုံးဟု အထင်အရှားသိမြင်ကြစေရန် တစ်ညီတည်း၊ တစ်စိတ်တစ်ဝမ်းတည်း၊ တစ်တန်းတည်း၊ ကြွေးကြော်နေခြင်းသည် အစ္စလာမ်၏ ဒီမိုကရေစီကို ပီပြင်စွာ သရုပ်ဖော်နေခြင်းပင်တည်း။ ကျွန်မ၏ စိတ်အသွင်ဝယ် ထပ်တလဲလဲ သိသာထင်ရှားလာစေသည့် အချက်မှာ အစ္စလာမ်သာသနာ၏ လူမျိုးဘာသာ မခွဲခြား၊ အသွေးအရောင်မပိုင်းခြားနိုင်သော တစ်အူတုံဆင်းညီရင်းအစ်ကိုပမာ တစ်ဦးနှင့်တစ်ဦး သွေးစည်းညီညွတ်စေမှုပင် ဖြစ်သည်" ဟု ရေးသားထားပါသည်။
လိန်း(န်)ပူးလ်၏ မိန့်ခွန်းများ၊ ဟောပြောချက်များနှင့် စကားများမှ တမန်တော်မြတ်နှင့်ပတ်သက်၍ တင်ပြချက်များ (Lane-Poole in Speeches and Table Talk of the Prophet) တွင် "သူ၏ ကာကွယ်စောင့်ရှောက်ခံတို့အတွက် သူသည် ယုံကြည်စိတ်အချရဆုံးသော၊ သစ္စာအရှိဆုံးသော ကာကွယ်စောင့်ရှောက်သူဖြစ်သည်။ နှုတ်အချိုသာဆုံးနှင့် ပြောဆိုဆက်ဆံရာတွင် နှစ်သက်လက်ခံနိုင်ဖွယ်ရာကိုသာပြောသည်။ သူ့ကိုရုတ်ခြည်းမြင်လိုက်ရသူတိုင်း ကြည်ညိုလေးစားမြတ်နိုးတွယ်တာခြင်း ဖြစ်ရသည်။ သူ့အနားချဉ်းကပ်ခဲ့ရသူတိုင်း သူ့ကိုချစ်ခင်မြတ်နိုး၏။ သူ့အကြောင်းကို ပြောပြခဲ့သူတို့၏ ပြောခဲ့ကြသည့်အတိုင်းဆိုရပါလျှင် ကျွနု်ပ် ထိုပုဂ္ဂိုလ်နှင့်တူသူ တစ်ဦးတစ်ယောက်ကိုမျှ ယခင်ကလည်း မတွေ့ခဲ့ဘူးပါ။ နောင်လည်း တွေ့မည်မဟုတ်ပါ။ ထိုပုဂ္ဂိုလ်သည် အလွန်စကားနည်းသူဖြစ်ပါသည်။ သို့သော်လည်း သူစကားပြောသည့်အခါ အလေးအနက်ပြု ဆင်ခြင်စဉ်းစား၍ ပြောသဖြင့် တစ်စုံတစ်ဦးကမျှ ထိုပုဂ္ဂိုလ်ပြောသည့် စကားကို မေ့သွားခြင်းမရှိပါ" ဟု ဖော်ပြထားပါသည်။
အမေရိကန် စိတ်သရုပ်ခွဲပညာရှင်ကြီး ပါမောက္ခဂျူးလ်(စ်)မက်ဆာမင်း (Prof-Jules Masserman of USA Psychiatric Association) ကလည်း "ခေါင်းဆောင်ကောင်းတစ်ဦးအနေဖြင့် ကဏ္ဍသုံးရပ်ကို ဖြည့်ဆည်းပေးနိုင်ရပေမည်။ (၁) မိမိ၏ဦးဆောင်လမ်းညွှန်မှုအောက်တွင်ရှိသောသူများ၏ အကျိုးကိစ္စအဝဝကို သယ်ပိုးနိုင်ရမည်။ (၂) လူမှုဘဝတည်ဆောက်ရာတွင် လုံခြုံမှုကို အာမခံချက် အပြည့်အဝ ရှိစေမည့် အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ပေးနိုင်ရမည်။ (၃) ၎င်းတို့အတွက် တစ်ခုတည်းသော ယုံကြည်ချက်တစ်ရပ်ကို တည်ဆောက်ပေးနိုင်ရမည်။ ပါစ္စ်ချာ (Pasteur) နှင့် ဆာလ်က်ခ် (Salk) တို့ကဲ့သို့သော ခေါင်းဆောင်များက ပထမကဏ္ဍကိုသာ ဖြည့်ဆည်းနိုင်ကြသည်။ ဂန္ဒီ (Gandhi)၊ ကွန်ဖြူးရှပ်(စ်) (Confucius)၊ အလက်ဇဲန္ဒား (Alexander)၊ ဆီဇာ (Caesor) နှင့် ဟစ်တလာ (Hitler) တို့ကား ဒုတိယကဏ္ဍကိုသာ ဖြည့်ဆည်းပေးနိုင်ကြသူများဟု ဆိုနိုင်သလို တတိယကဏ္ဍအပိုင်းကိုလည်း ဖြည့်စွမ်းပေးနိုင်သည့် ပုဂ္ဂိုလ်များဟုလည်း ဆိုနိုင်ကောင်းပါသည်။ ဤကဏ္ဍ သုံးရပ်စလုံးကို တစ်ဦးတည်း အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်သူမှာ ခေတ်အဆက်ဆက်တွင် သာလွန်မြင့်မြတ်ကြီးကဲသည့် ပုဂ္ဂိုလ်ဟုဆိုရမည့် "မုဟမ္မဒ်" ပင် ဖြစ်ပါသည်။ တမန်တော်မူစာ (မော်ရှေး) က တမန်တော်မုဟမ္မဒ်၏ နောက်မှ အနီးစပ်ဆုံးကပ်ပြီး လိုက်ပါသည်" ဟု ဖွင့်ဆိုခဲ့သည်။
စာရေးဆရာမ အဲယ်နီဘီးစဲန့် (Annine Besant) ကလည်း "The Life & Teaching of MUHAMMAD says" စာအုပ်တွင် "တစ်စုံတစ်ဦးအတွက် အရေးဗီးယားနိုင်ငံမှ ကြီးကျယ်မြင့်မြတ်လှသော တမန်တော်ကြီး၏ ဘဝနှင့် ကြန်အင်လက္ခဏာများကို လေ့လာဆည်းပူးမည်ဆိုပါက ပြီးပြည့်စုံအောင်ဖြစ်နိုင်ချေ မရှိပါ။ အမြင့်မြတ်ဆုံးသော တမန်တော်တို့တွင် တစ်ပါးအပါအဝင်ဖြစ်ပြီး ကြီးကျယ်မြင့်မြတ်သည့် ထိုတမန်တော်၏ ကြည်ညိုလေးစားမြတ်နိုးဖွယ်ရာကိုမူ စိတ်အာရုံတွင် တစ်စုံတစ်ခု မုချထိတွေ့ခံစားရမည်ဖြစ်သည်။ ကျွန်မတင်ပြမည့် အချက်များတွင် များသောအားဖြင့် အားလုံးကောင်းစွာ သိရှိထားပြီးဖြစ်သော အရာများလည်း ပါဝင်နေမည်ဖြစ်သည်ကို သိပါသည်။ သို့ရာတွင် ကျွန်မအနေဖြင့် ထိုတမန်တော်၏ အတ္ထုပ္ပတ္တိကို ပြန်၍ ပြန်၍ ဖတ်တိုင်း ဖတ်တိုင်း ချီးကျူးထောပနာပြုမှု အသစ်အသစ်တစ်မျိုး၊ ကြည်ညိုလေးစားမြတ်နိုးမှု အနှစ်သာရ အစုစုတို့ကို ထို အရေးဗီးယားမှ သြဇာတိက္ကမ ရှိသောဆရာအတွက် စိတ်အလျင်ဝယ် သာယာထိတွေ့ခံစားမှု အပြည့် ရရှိပါသည်" ဟု ရေးသားထားသည်။
"Mohammed and Mohammendanism" စာအုပ်ကို ရေးသားသည့် Rev. Reginald Bosworth Smith (1839-1908) ကလည်း "သူ မုဟမ္မဒ်သည် တစ်ကိုယ်တည်းနှင့် ဆီဇာလည်း ဖြစ်သကဲ့သို့၊ သာသနာပိုင် ပုပ်ရဟန်းမင်းကြီးကဲ့သို့လည်း ဖြစ်ပါသည်။ သာသနာပိုင်ဖြစ်လင့်ကစား ပုပ်ရဟန်းမင်းကြီးကဲ့သို့ သာသနာပိုင်အဆောင်အယောင်နှင့် ကိန်းခန်းကြီးကျယ်ခြင်းမှကင်းသည်။ ဆီဇာဖြစ်လင့်ကစား စစ်ဘုရင်ဆီဇာကဲ့သို့ တပ်တောင်တာ ဗိုလ်ထုမရှိ၊ အခိုင်အမာ အမြဲတမ်းစစ်တပ်ကြီးလည်း မရှိ၊ သက်တော်စောင့် ကိုယ်ရံတော်တစ်ဦးတစ်ယောက်မျှပင် မရှိ၊ စံမြန်းရန် အဆောင်နန်းတော်တစ်ခုမျှမရှိ၊ အခွန်အတုပ် တစ်စုံတစ်ရာ စည်းကြပ်ခြင်းလည်း မရှိ။ လူတိုင်း အမှန်အတိုင်းပြောနိုင်သည့်အချက်မှာ မှန်ကန်သော ကောင်းကင်ကျလမ်းညွှန်ဥပဒေအတိုင်း တိကျစွာအုပ်ချုပ်သွားသူမှာ မုဟမ္မဒ်ပင်ဖြစ်သည်။ မည်သည့်ကိရိယာတန်ဆာပလာလက်နက်ယန္တရား ပစ္စည်းမျှမပါ။ မည်သည့်ထောက်ပံ့မှုမျှ မပါရှိဘဲ အလုံးစုံသော အချုပ်အခြာအာဏာကို ပိုင်ဆိုင်ထားနိုင်ခဲ့သူမှာ သူ မုဟမ္မဒ်ပင် ဖြစ်ပါသည်" ဟု ဖွင့်ဆိုခဲ့သည်။
1842 မှ 1846 ထိ အမေရိကန်နိုင်ငံ၏ စပိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး စာရေးဆရာကြီး ဝါရှင်တန်အာဗင် (Washington Irving) ကလည်း "သူ မုဟမ္မဒ်၏ စစ်ရေးစစ်ရာအောင်မြင်မှုများသည် အကယ်၍သာ ကိုယ်ကျိုးအတ္တအတွက် ရည်စူး၍ ဆောင်ရွက်ခဲ့သည်များဖြစ်လျှင် ဂုဏ်ယူစရာလည်း မရှိသကဲ့သို့ အချည်းနှီး အလဟဿလည်း မဟုတ်ပါလားဟု သတိပြုမိပါသည်။ သူ မုဟမ္မဒ်၏ တန်ခိုးအာဏာကြီးမားဆုံးသော အချိန်ကာလမှာပင် သူ မုဟမ္မဒ်သည် ရိုးရှင်းသော သူ၏ ကိုယ်ကျင့်မူရာနှင့် စရိုက်သွင်ပြင်အနေအထားကို ကံဆိုးမိုးမှောင်ကျ၍ စိတ်ဆင်းရဲဒုက္ခရောက်ခဲ့ရသည့် နေ့ရက်ကာလများကကဲ့သို့ပင် ထိန်းသိမ်းတည်တံ့စေခဲ့သူ ဖြစ်သည်။ သူမုဟမ္မဒ်သည် တော်ဝင်၍ မင်းဧကရာဇ်တို့နှင့်သာ ထိုက်တန်သော တိုင်း၊ နိုင်ငံ၊ အင်ပါယာကို စိတ်ဝယ်စွဲငြိခင်တွယ်ရန် ဝေးစွ။ ၎င်း၏နောက်လိုက် လုပ်ဖော်ကိုင်ဖက်ရောင်းရင်းများက သူ့အားဂုဏ်ပေးသောအနေဖြင့် ထူးခြားပျူငှာစွာ အရိုအသေပြုမှုကိုပင်လျှင် သဘောမကျ မနှစ်ခြိုက်သူ ဖြစ်ပေသည်" ဟု ပြတ်သားစွာ ဖွင့်ဆိုခဲ့သည်။
စာရေးဆရာကြီး သောမတ်(စ်)ကာလိုင်း (Thomas Carlyle) ကလည်း သူ၏ "သူရဲကောင်းများနှင့် သူရဲကောင်းဆည်းကပ်ခြင်းဝါဒ" (Heroes and Hero-Worship) စာအုပ်တွင် "အကူအညီမပါဘဲ မည်သို့သော လူသားတစ်ဦးတည်းက ဖက်ပြိုင်စစ်ခင်းနေသော လူမျိုးစုနှင့် ခရီးလှည့်လည်သွားလာနေသော (Bedouins) အရဗ်ကျေးတောသားတို့ကို ပေါင်းစပ်ညီညွတ်စေပြီး အင်အားအတောင့်တင်းဆုံးနှင့် ယဉ်ကျေးသော လူအစုအဝေးတစ်ရပ်၏ တိုင်းနိုင်ငံတစ်ခုအဖြစ် ရာစုနှစ် နှစ်ခုအတွင်း ဆောင်ရွက်နိုင်မည်နည်း။ စိတ်ရင်းစေတနာကောင်းဖြင့် စိတ်အားထက်သန်သူ ဤပုဂ္ဂိုလ်မုဟမ္မဒ်နှင့်စပ်လျဉ်း၍ အနောက်နိုင်ငံများက အလိမ်အညာအတင်းအဖျင်းများ စုပုံပြောဆိုနေခြင်းမှာ ကျွနု်ပ်တို့ကိုယ် ကျွနု်ပ်တို့ ဂုဏ်သိက္ခာကျဆင်းစေအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ နှုတ်ဆိတ်ပြီး ကြီးကျယ်မြင့်မြတ်သူတစ်ဦးဖြစ်သော်ငြားလည်း စိတ်အားထက်သန်၍ အလေးအနက် သဘောဆောင်သူဖြစ်ခြင်းကြောင့် ဤကမ္ဘာလောကကြီးအား ပြုစုပျိုးထောင်သော ဖန်ဆင်းရှင်က သူ့အား ဤကမ္ဘာကြီးကို လှုပ်ရှားနိုးထလာစေရန် တာဝန်ပေးအပ်ခဲ့သည်" ဟု ပြတ်ပြတ်သားသား ရေးသားခဲ့သည်။
ကျော်ကြားသည့် သမိုင်းပညာရှင် လာမာတင် (Lamartine) ကလည်း "Histories de la Turquie Paris 1854 Vol-II P. P 276-277" တွင် "... မုဟမ္မဒ်သည် ဒဿနိကပညာရှင် (Philosopher)၊ တရားပို့ချသူ၊ အပြောအဟောကောင်းသူ (Orator)၊ အယူဝါဒပြုပြင်ရေး လှုပ်ရှားမှုခေါင်းဆောင် (Apostle)၊ ဥပဒေပြုပြဌာန်းသူ (Legislator)၊ စစ်သူကြီး (Warrior)၊ တွေးခေါ်မြော်မြင်မှုဒဿနများကို ဟောကြားပို့ချအောင်နိုင်သူ (Conqueror of Ideas)၊ ဆင်ခြင်တုံတရားနှင့်ဆိုင်သော ကိုးကွယ်ယုံကြည်ရာ အယူဝါဒ ပြန်လည်ရှင်သန်စေသူ (Restorer of Rational Dogmas) နှင့် ဘာသာရေး အယူဝါဒကို စွဲစွဲမြဲမြဲကိုးကွယ်ကျင့်သုံးမှုကို ရုပ်ထု (Images) များ မပါဘဲ တည်ထောင်နိုင်သူဖြစ်သည်။ ဤကမ္ဘာမြေပေါ်တွင် အင်ပါယာပိုင်နက် ၂၀ ကို တည်ထောင်ခဲ့သူနှင့် တစ်ခုတည်းသော နာမ်အင်ပါယာကြီး (Spiritual Empire) ကို တည်ထောင်သူမှာ မုဟမ္မဒ် ပင်ဖြစ်သည်။ လူ့ဂုဏ်သိက္ခာ၏ ကြီးကျယ်မြင့်မြတ်မှုကိုတိုင်းတာသည့် စံနှုန်းများနှင့် ချိန်စက်တိုင်းတာမည်ဆိုလျှင် ကျွနု်ပ်တို့ မိမိကိုယ်မိမိ ကောင်းစွာ မေးမြန်းထားရမည်မှာ သူ "မုဟမ္မဒ်" ထက် သာပိုကြီးကျယ်မြင့်မြတ်သူ ရှိပါသလားဟူ၍ပင် ဖြစ်သည်" ဟု ဖွင့်ဟခဲ့သည်။
Eward Gibbon နှင့် Simon Ockley တို့က "History of the Saracen Empire, London, 1870. P.54" တွင် "ကျွနု်ပ်သည် ကိုးကွယ်ရာ အရှင်တစ်ပါးတည်းကိုသာ ယုံကြည်ကိုးကွယ်ပါ၏။ မုဟမ္မဒ်သည် ထိုအရှင်၏ တမန်တော်ဖြစ်သည်ဟု ဆိုခြင်းသည် အစ္စလာမ်၏ ရိုးစင်း၍ ပြောင်းလဲမရနိုင်သော ယုံကြည်ချက် သဒ္ဓါတရားဖြစ်သည်။ အစ္စလာမ်၏ မြင့်မြတ်သည့် ဂုဏ်သိက္ခာနှင့် စပ်လျဉ်း၍ တွေးခေါ်ဆင်ခြင်မှုပုံရိပ်များကို မည်သည့်အခါမဆို မြင်နိုင်စွမ်းရှိသော အရာများဖြင့် နှိုင်းယှဉ်နှိမ့်ချပြောဆိုလေ့ မရှိပါ။ တမန်တော်မြတ်ကို ဂုဏ်ပြုချီးမြှောက်ရာတွင်လည်း လူသားတစ်ဦး၏ ကောင်းမြတ်သော ဂုဏ်၊ သမာဓိသစ္စာတရားကို တိုင်းတာသည်ထက် သာပိုလွန်ကျူး၍ မည်သည့်အခါမျှ တိုင်းတာခြင်း မရှိပါ။ သူ၏ ရှင်သန်လျက်ရှိသော ပညတ်ချက်၊ ဝိနည်း၊ ကျင့်ဝတ်များကို သူ၏ တပည့်နောက်လိုက်အဆွေတော်များက ကျေးဇူးတရားကို စောင့်သိမှုဖြင့် ကျိုးကြောင်းဆင်ခြင်တုံတရားကိုအသုံးပြု၍ အစ္စလာမ့်စည်းဘောင်များအတွင်းမှ ထိန်းချုပ်ထားနိုင်ခဲ့သည်" ဟု ဖွင့်ဆိုခဲ့ကြသည်။
ဒတ်ချ်လူမျိုး စာရေးဆရာကြီး Prof. Hurgronje ကလည်း "သမိုင်းအခြေခံဖြင့်ပြောရပါလျှင် မည်သည့်ပုံပြင်၊ ဒဏ္ဍာရီပမာ ရှိသည့်ဖြစ်ရပ်များကမှ တမန်တော်မုဟမ္မဒ်ဆောင်ရွက်ပြီးမြောက်အောင်မြင်ခဲ့သည့် အစိတ်အပိုင်းများ၏ အပိုင်းအစငယ်မျှ အကျိုးရလဒ်ရရှိအောင် မဆောင်ရွက်နိုင်ခဲ့ပေ။ သူ၏ ကြိုးစားရုန်းကန်လှုပ်ရှားမှု အလုံးစုံတို့သည် လူသားထုတစ်ရပ်လုံးအား စုစည်း၍ ထာဝရ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင် သခင်တစ်ဆူတည်းကိုသာ စိတ်စေတနာ ကြည်ဖြူစွာနှင့် အကျင့်သိက္ခာမြင့်မားစွာဖြင့် ထားရှိကိုးကွယ်ရန်သာဖြစ်သည်။ ယနေ့နှစ်ပေါင်း ၁၄၀၀ ကျော်မျှ အချိန်များကုန်လွန်ခဲ့သော်ငြားလည်း မုဟမ္မဒ်၏ဘဝနှင့် ဒဿနသွန်သင်ဆုံးမသြဝါဒများမှာ အနည်းငယ်စိုးစဉ်းမျှ ဆုံးရှုံးမှုမရှိဘဲ ပြောင်းလဲခြင်း တစ်စုံတစ်ရာ ဖြည့်စွက်ချက်မရှိဘဲ မပျက်မစီးတည်တံ့နေသည်။ အစ္စလာမ်သာသနာဝင်တို့သည်လည်း ၎င်းသက်တော်ထင်ရှားရှိစဉ်ကာလက ဆောင်ရွက်ခဲ့ကြသကဲ့သို့ပင် အစဉ်ထာဝရ ဖြစ်တည်နေသော မျှော်လင့်ချက်နှင့် လူသားထုတစ်ရပ်လုံး၏ လူမှုကိစ္စဒုက္ခဆင်းရဲခြင်း အဝဝကို အကောင်းဆုံးဖြည့်ဆည်းလျက် ရှိကြသည်။ မုဟမ္မဒ်သည် ကျယ်ဝန်းနက်ရှိုင်းပြီး မတူကွဲပြားခြားနားသည့် လူ့ဘဝနယ်ပယ်၏ တွေးခေါ်မြော်မြင်ခြင်းနှင့် ပြုမူနေထိုင်သည့် စည်းကမ်းကို စွမ်းအားပြည့်ဖြင့် စံနမူနာပြုကာ ရှေ့ဆောင်လမ်းပြအဖြစ် လူ့သမိုင်းစဉ်တွင် စွမ်းစွမ်းတမံဆောင်ရွက် အကောင်အထည်ဖော်ခဲ့သည်။ မုဟမ္မဒ်သည် သူ့ဘဝ၏ ကွဲပြားခြားနားသော စွမ်းဆောင်ချက်များတွင် သာလွန်ကောင်းမွန်အောင် မဆိုထားဘိ၊ သူနှင့် သာတူညီမျှပင် သမိုင်းတွင် မည်သူတစ်ဦးတစ်ယောက်မျှ မစွမ်းဆောင်နိုင်ချေ။ သို့ဖြစ်ရသည်မှာ မုဟမ္မဒ်၏ ကိုယ်ကျိုးအတ္တကင်းသော ဆောင်ရွက်နိုင်မှုစွမ်းရည်ကြောင့် မယုံကြည်နိုင်ဖွယ်ရာဖြစ်သော အထူးပြည့်စုံကောင်းမွန်သည့် အကျိုးရလဒ်များကို ရရှိခဲ့ခြင်းဖြစ်သည်" ဟု ပြတ်ပြတ်သားသား မိန့်ဆိုခဲ့သည်။ ကိုးကား - (၁) ဆရာသန့်စင်မွန်၏ "အယူကွဲပြားညီနောင်များနှင့်ဆက်ဆံရေး" (၂) ဒေါက်တာသန်းထွန်း (၁၉၂၃-၂၀၀၅) က "ကျော်စွာ-၁၀၀" အမည်ဖြင့် မြန်မာဘာသာပြန်ထားသည့် Michael H.Hart ၏ "The 100: A Ranking of the Most Influential Persons in History" (၃) www.wikiislam.org (၄) www.wikipedia.org (၅) သဘာဝသိပ္ပံမဂ္ဂဇင်း (၆) www.irac.com
ပုံနှိပ်မူရင်း - တက္ကသိုလ်မွတ်စ်လင်မ်ကျောင်းသားများကွန်ရက်-မြန်မာ ၂၀၁၃-၂၀၁၄ ခုနှစ် နှစ်လည်မဂ္ဂဇင်း "ခေတ်ကြေးမြင်"
留言