top of page

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းနှင့် ပတ်သက်ပြီး ပြောစရာများ

  • Writer: Ye Myo Zaw
    Ye Myo Zaw
  • Aug 12, 2020
  • 1 min read

Updated: Mar 22, 2021

ဖြေဆိုသူ - ၉၁၀၂၂၉ (ကိုးသိန်းကျော်)

အောင်မြင်သူ - ၂၉၁၇၉၈ (သုံးသိန်းမပြည့်)

အောင်ချက်ရာခိုင်နှုန်း - ၃၂.၀၆%


💡ဖြေဆိုသူအယောက် (၁၀၀) မှာ အောင်မြင်သူက (၃၀) ဝန်းကျင်။ ဂုဏ်ယူပါတယ်... လူနည်းစုတွေကို...


💡ကျန်တဲ့ အယောက် (၇၀) က မအောင်ဘူးပေါ့။ လူများစုတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဘာဖြစ်လို့တုံး ဘဝပျက်သွားလို့လား...

မဟုတ်ပါဘူး၊ ပေးလိုက်ရတဲ့အချိန်တွေ၊ ပင်ပန်းမှုတွေ၊ ပေးဆပ်မှုတွေကို နှမြောမိလို့ပါ။


💡ဘာလို့မအောင်လဲ❓

ကံ၊ဉာဏ်၊ဝီရိယ သုံးပါးလုံးကောင်းမှ ဘယ်အရာမဆို အောင်မြင်မယ်လို့ သင်ခဲ့ရဖူးကြပါလိမ့်မယ်။ ကျွန်တော်ကတော့ စိတ်အားထက်သန်မှုနဲ့ နည်းစနစ်မှန်ကန်မှုပေါင်းရင် ဘယ်အရာမဆို အောင်မြင်နိုင်တယ်လို့ ယုံကြည်ထားပါတယ်။ စိတ်အားထက်သန်မှုက ၈၀% သက်ဆိုင်ပြီး နည်းစနစ်မှန်ကန်မှုက ၂၀% ပဲ စကားပြောပါတယ်။ အဲ့ ၂၀% ထဲမှာ သင်ကြားပုံ၊ သင်ယူပုံ၊ အခြားအထောက်အပံံ့ဆိုင်ရာတွေအားလုံးပါပါတယ်။ ၈၀% ကို ကာယကံရှင်က ပိုင်ဆိုင်ထားပါတယ်။ လောကကြီးက တရားပါတယ်။


💡မအောင်မြင်သူ (၇၀) ထဲမယ် ပြန်ကြိုးစားမယ့်သူ ဘယ်နှယောက် ရှိလာမလဲလို့ ထင်လဲ...❓

ပြန်ကြိုးစားရလောက်အောင် ကာယကံရှင်ရဲ့စိတ်အားထက်သန်မှု၊ မိဘ၊ ဆရာ၊ အစိုးရရဲ့ ဖေးမမှု ဘယ်လောက်ရှိမလဲလို့ ယုံကြည်လဲ...❓

ဒီကြားထဲ ဘေးပတ်ဝန်းကျင် ဆွေမျိုးအသိုင်းအဝိုင်းရဲ့ လှုံ့ဆော်မှုတွေထဲမယ် အပြုသဘောနဲ့ အပျက်သဘော ဘယ်ဟာက ပိုများမယ်လို့ထင်လဲ...❓


💡သည် (၂၀၂၀) မှာ ကိုယ်လက်အင်္ဂါမသန်စွမ်းဘဲ ဖြေဆိုသူ (၁၇၅)ဦးမှာ (၄၂)ဦးအောင်ပါတယ်။ မျက်မမြင် (၃၁)ဦး ဖြေတယ်၊ (၁၂)ဦး အောင်တယ်။ အောင်မြင်သူရော မအောင်မြင်သူတွေပါ အင်မတန် လေးစားထိုက်သူတွေပါ။ သူတို့ရဲ့ သတ္တိနဲ့ ကြိုးစားမှုနဲ့တင် သူရဲကောင်းတွေလို့ ဆိုနိုင်ပါတယ်။ ကိုယ်လက်အင်္ဂါသန်စွမ်းပါလျက် ဘဝကို လွယ်လွယ်အရှုံးပေးတတ်သူတွေအတွက် စံနမူနာယူထိုက်သူတွေပါ။ တစ်ဦးမှ မအောင်ခဲ့ပေမဲ့ ဆွံ့အနားမကြား (၂၃)ဦး ဖြေဆိုခဲ့တယ်။ အင်မတန်လေးစားဖွယ် တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ သူရဲကောင်းတွေပါ။ ပိုထူးခြားတာက... အကျဥ်းဦးစီးဌာနကနေ ဖြေဆိုသူ (၁၉၂)ဦး ရှိတယ်၊ (၁၁၃)ဦး အောင်မြင်တာတွေ့ရတယ်။ ဘဝမှာ မှားခဲ့ဖူးပေမဲ့ အမှားထဲမှာပဲ ပိတ်မိမနေဘဲ ရရာအခွင့်အရေးကို ဆုပ်ကိုင်ပြီး ကြိုးစားနေသူတွေလို့ ဆိုချင်တယ်။ သူတို့ရဲ့ အတိတ်အမှားတွေကို ခွင့်လွှတ်ပေးရလောက်အောင်ထိ အင်မတန် လေးစားဂုဏ်ပြုဖွယ် ပုဂ္ဂိုလ်တွေပါ။


ယောက်ျားလေး

ဖြေဆိုသူ - ၃၉၀၇၀၂ (လေးသိန်းနီးပါး)

အောင်မြင်သူ - ၁၁၆၀၇၂ (တစ်သိန်းကျော်)

အောင်ချက်ရာခိုင်နှုန်း - ၂၉.၇၁%


မိန်းကလေး

ဖြေဆိုသူ - ၅၁၉၅၂၇ (ငါးသိန်းကျော်)

အောင်မြင်သူ - ၁၇၅၇၂၆ (တစ်သိန်းခွဲကျော်)

အောင်ချက်ရာခိုင်နှုန်း - ၃၃.၈၂%


💡ယောက်ျားလေးနဲ့ မိန်းကလေး အောင်ချက်ရာခိုင်နှုန်းတွေက မတိမ်းမယိမ်းပါပဲ။ မိန်းကလေးက ဂုဏ်ထူးပိုထွက်ကြတယ်လို့ဆိုသူတွေကိုလည်း အဲ့လို အချက်အလက်မျိုး အစိုးရက မထုတ်ပြန်ထားပါဘူးလို့ ပြောပါရစေ။ `မိန်းကလေးတွေက စာပိုလုပ်တယ်၊ ပိုကြိုးစားတယ်၊ ယောက်ျားလေးတွေက ငပျင်းတွေ´ လို့ သိမ်းကျုံးနှိမ်နေကြတဲ့သူတွေကိုတော့ ဒေတာနဲ့ပြောပါ၊ ဝေဒနာနဲ့ မပြောပါနဲ့လို့ပဲ ​ဆိုပါရစေ။


💡ပြီးခဲ့တဲ့ နှစ်တွေရဲ့ အောင်ချက်ရာခိုင်နှုန်းတွေကိုကြည့်ရင်...

၂၀၁၅ - ၃၇.၆%

၂၀၁၆ - ၂၉.၉၂%

၂၀၁၇ - ၃၃.၈၉%

၂၀၁၈ - ၃၂.၈၂%

၂၀၁၉ - ၃၂.၄၄%

၂၀၂၀ - ၃၂.၀၆%


(၃၀) ပတ်ဝန်းကျင်နားပဲ တွေ့ရပါလိမ့်မယ်။ ဒါဟာ မြန်မာပြည်ရဲ့ တက်သစ်စလူငယ်ခြေတက်တိုင်းဟာ မွေးလာကတည်းက သဘောတူညီချက် ယူပြီးမှ မွေးလာကြသလား၊ ပေါ်လစီတွေရဲ့အောက်မှာပဲ အမြဲ လှည့်စားခံနေရသလားဆိုတာကတော့....။


ဆရာရဲမျိုးဇော် (ဂုဏ်ထူးမြန်မာစာ)


https://m.facebook.com/story.php?story_fbid=2631890613791231&id=100009109541700

Comments


bottom of page