နိုဘယ်လ်ဆုရှင် မွတ်စ်လင်မ်များ
- Ye Myo Zaw
- Apr 14, 2020
- 5 min read
Updated: Apr 15, 2020
- ရဲမျိုးဇော် (TTU) -
📝📝📝 📝📝📝 📝📝📝
နှစ်စဉ် အောက်တိုဘာလ ရောက်လာသည်နှင့် ကမ္ဘာတစ်ဝှမ်းလူအများသည် ဆုကြီးတစ်ခု၏ သတင်းကို အထူးနားစွင့်ကြလေသည်။ ယခုနှစ်တွင်တော့ မည်သည့်နိုင်ငံမှ မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းက ဆွတ်ခူးသွားသနည်းဟူ၍ ရင်ခုန်စွာဖြင့်။ အဘယ်ကြောင့်နည်း။ ထိုဆုကြီးသည် မိမိနိုင်ငံအဝန်းအဝိုင်းအတွက်သာ မရည်ရွယ်ခြင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူတို့ကို အကျိုးပြုသော ထူးချွန်လှသည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုသာ ရွေးချယ်ခြင်း၊ ချီးမြှင့်သော ငွေကြေးအားဖြင့် များပြားခြင်း၊ သြဇာအရှိန်အဝါ သက်ရောက်မှုကြီးမားခြင်း၊ ဂုဏ်သတင်းကြီးမားခြင်း၊ နိုင်ငံရေးသဘောမဆောင်ခြင်း၊ မည်သည့်အာဏာပိုင် အစိုးရအဖွဲ့၏ ဝေဖန်စောကြောပံ့ပိုးခြင်းများကိုမျှ မလိုက်လျောခြင်း၊ ဆုတီထွင်သွားသူကိုယ်တိုင်က ယင်းအချက်များကို အခြေခံစေခဲ့ခြင်း စသည့် ဂုဏ်အင်ထူးများကြောင့် ဖြစ်သည်။
ထိုဆုကြီးကား အခြားမဟုတ်။ ကမ္ဘာ့သြဇာအကြီးမားဆုံး ဆုကြီးတစ်ဆုဟုဆိုကြသည့် The Nobel Prize (နိုဘယ်လ်ဆု) ကြီးပင်ဖြစ်သည်။ ၎င်းဆုကြီးကို ဆွီဒင်ပြည်သား ဓာတုဗေဒအင်ဂျင်နီယာပညာရှင် သူဌေးကြီး Alfred Bernhard Nobel (1833-1896) က ၁၈၉၆ ခု၊ နိုဝင်ဘာ ၂၇ ရက် နေ့စွဲဖြင့် ရေးခဲ့သည့် သူ၏သေတမ်းစာကို အခြေပြုလျက် စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။ ဓာတုဗေဒဆိုင်ရာ၊ စာပေ၊ ငြိမ်းချမ်းရေး၊ ရူပဗေဒဆိုင်ရာ၊ ပါဏဗေဒ (သို့မဟုတ်) ဆေးပညာဆိုင်ရာ ဟူ၍ ဆုအမျိုးအစား ၅ မျိုးခွဲ၍ ၁၉ဝ၁ ခုနှစ်မှစပြီး နှစ်စဉ် ချီးမြှင့်ခဲ့လေသည်။ ၁၉၆၉ မှစပြီး စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုတစ်မျိုးကို ဖြည့်စွက်ချီးမြှင့်ခဲ့သည်။ ၁၉ဝ၁ မှ ၂ဝ၁၅ ခုနှစ်အတွင်း လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၉ဝဝ ကို နိုဘယ်လ်ဆု ၅၇၃ ကြိမ် ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ အချို့မှာ တစ်ကြိမ်ထက်ပို၍ ရရှိခဲ့ခြင်းကြောင့် စုစုပေါင်း လူပုဂ္ဂိုလ် ၈၇ဝ (အမျိုးသား ၈၂၁ ဦး၊ အမျိုးသမီး ၄၉ ဦး) နှင့် အဖွဲ့အစည်း ၂၃ ဖွဲ့ ရရှိခဲ့ခြင်းဖြစ်သည်။ ဆုချီးမြှင့်ခံရသူတိုင်းကို ၂၃ ကာရက်ရှိ ရွှေအဝိုင်းပြားတံဆိပ်တစ်ခု၊ ဂုဏ်ပြုလက်မှတ်တစ်စောင်နှင့် နိုဘယ်လ်ဖောင်ဒေးရှင်း၏ ဆုံးဖြတ်ချက်အရ ငွေသားပမာဏတစ်ခုတို့ကို အခမ်းအနားကြီးတစ်ရပ် ကျင်းပကာ ပေးအပ်လေ့ရှိသည်။ ဆုငွေတန်ဖိုးမှာ တစ်နှစ်နှင့်တစ်နှစ် မတူဘဲ စတင်ချီးမြှင့်ခဲ့စဉ်က ဒေါ်လာ ၆၅ဝဝ သာ ရှိခဲ့ရာမှ ၂ဝ၁၂ ခုနှစ်တွင်တော့ ဒေါ်လာ ၁.၂ သန်းထိ ရှိလာခဲ့သည်။
၂ဝ၁၅ ခုနှစ်တွင်တော့ နိုဘယ်လ်ဆုရ မွတ်စ်လင်မ်အရေအတွက်သည် ၁၂ ဦးအထိ ရှိလာခဲ့သည်။ ၎င်းတို့ အဘယ်သို့သော အကြောင်းကြောင့် နိုဘယ်လ်ဆုရခဲ့သည်ကို အကျဉ်းချုံး၍တင်ပြပါမည်။
---------------------------------------
🌟 ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မွတ်စ်လင်မ်များ 🌟

၁။ Anwar al-Sadat (25 December 1918 – 6 October 1981) ••• ၁၉၇ဝ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှစပြီး စစ်တပ်တာဝန်ရှိသူ မလိုမုန်းထားသူအချို့၏ လုပ်ကြံသတ်ဖြတ်မှုခံရချိန် ၁၉၈၁ ခုနှစ်၊ အောက်တိုဘာ ၆ ရက်အထိ ၁၁ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သည့် အီဂျစ်နိုင်ငံ၏ တတိယမြောက်သမ္မတ ဖြစ်သည်။ ၁၉၇၈ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို Menachem Begin (အစ္စရေးနိုင်ငံ၏ ၆ ဦးမြောက်ဝန်ကြီးချုပ်) နှင့်အတူ ပူးတွဲရရှိခဲ့သည်။ အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးသဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုနှင့် ၁၉၇၈ ခုနှစ်၊ စက်တင်ဘာ ၁၇ တွင် Camp David ၌ ချုပ်ဆိုခဲ့သော အီဂျစ်-အစ္စရေး ငြိမ်းချမ်းရေးစာချုပ်တို့ကြောင့် ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။ ပထမဆုံးသော မွတ်စ်လင်မ် နိုဘယ်လ်ဆုရှင် ဖြစ်သည်။
၂။ Yasser Arafat (24 August 1929 – 11 November 2004) ••• ပါလက်စတိုင်း နိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။ Palestinian National Authority ၏ ပထမဆုံးသမ္မတ ဖြစ်ပြီး Palestine Liberation Organization (ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့) ၏ တတိယမြောက်ဥက္ကဋ္ဌလည်းဖြစ်သည်။ အီဂျစ်နိုင်ငံ ကိုင်ရိုတက္ကသိုလ်ဆင်း မြို့ပြအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး တက္ကသိုလ်တက်နေစဉ်တွင် တက္ကသိုလ်ရှိ ပါလက်စတိုင်းကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌအဖြစ် ၁၉၅၂ မှ ၁၉၅၆ ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၄ ခုနှစ် အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကြိုးပမ်းမှုကြောင့် Shimon Peres (အစ္စရေးနိုင်ငံ၏ ၉ ဦးမြောက်သမ္မတ) နှင့် Yitzhak Rabin (အစ္စရေးနိုင်ငံ၏ ၅ ဦးမြောက်ဝန်ကြီးချုပ်) တို့နှင့်အတူ ပူးတွဲရရှိခဲ့သည်။ ပထမဆုံးသော ပါလက်စတိုင်းနိုင်ငံသား မွတ်စ်လင်မ် နိုဘယ်လ်ဆုရှင် ဖြစ်သည်။
၃။ Tawakel Karman (7 February 1979 ဖွား) ••• ယီမင်နိုင်ငံသူ ဂျာနယ်လစ်နှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူဖြစ်ပြီး အာရဗ်နွေဦးတော်လှန်မှုတွင် ထင်ရှားသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ၂ဝ၁၁ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို Ellen Johnson Sirleaf (လိုင်ဘေးရီးယားနိုင်ငံ လက်ရှိသမ္မတ) နှင့် Leymah Gbowee (လိုင်ဘေးရီးယားနိုင်ငံသူ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ) တို့နှင့်အတူ ပူးတွဲရရှိခဲ့သည်။ အမျိုးသမီးများ ဘေးကင်းလုံခြုံရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းတို့တွင် အပြည့်အဝ ပါဝင်ခွင့်ရရေးနှင့် အမျိုးသမီးအခွင့်အရေးတို့အတွက် အကြမ်းမဖက်သောနည်းဖြင့် ပြင်းထန်စွာကြိုးပမ်းမှုတို့ကြောင့် ချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။ သူမအား သံမဏိအမျိုးသမီး၊ တော်လှန်ရေးမိခင် ဟုလည်း ဂုဏ်ပြုခေါ်ဝေါ်ကြသည်။ ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းကြီးက သူမအား ၂ဝ၁၁ ခုနှစ်၏ ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁ဝဝ တွင် ပထမနေရာ ရွေးချယ်ခဲ့သည်။ ဆုချီးမြှင့်ခံရစဉ်က အသက် ၃၂ နှစ်သာ ရှိသေးသော သူမသည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်အားလုံးတို့တွင် ဒုတိယအသက်အငယ်ဆုံးဖြစ်သည်။ ပထမဆုံးသော အာရဗ်အမျိုးသမီး နိုဘယ်လ်ဆုရှင်ဖြစ်ပြီး ပထမဆုံးနှင့် တစ်ဦးတည်းသော ယီမင်နိုင်ငံသား နိုဘယ်လ်ဆုရှင်လည်း ဖြစ်သည်။
၄။ Dr.Shirin Ebadi (21 June 1947 ဖွား) ••• အီရန်နိုင်ငံသူ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဖြစ်သည်။ ဥပဒေပညာရှင် ရှေ့နေတစ်ဦးဖြစ်သကဲ့သို့ တရားသူကြီးဟောင်း (အီရန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးတရားသူကြီး)လည်း ဖြစ်သည်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ချုပ်ဝင် အီရန်အခြေစိုက် Defenders of Human Rights Center (လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခုခံသူများစင်တာ) တည်ထောင်သူဖြစ်ပြီး လက်ရှိဥက္ကဋ္ဌလည်းဖြစ်သည်။ အီရန်နိုင်ငံရှိ Society for Protecting the Rights of the Child (ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အသိုက်အဝန်း) တည်ထောင်သူလည်းဖြစ်သည်။၂ဝဝ၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းမှုများကြောင့် အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးအခွင့်အရေး၊ ဒုက္ခသည်အခွင့်အရေးတို့အတွက် ပြင်းထန်စွာ ကြိုးပမ်းမှုတို့ကြောင့် ရရှိခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင် သူမသည် အခြားသော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်အမျိုးသမီး ၅ ဦးဖြင့် Nobel Women’s Initiative အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။ ကမ္ဘာကျော် Forbes Magazine ကြီး၏ ၂ဝဝ၄ ခုနှစ်အတွက် ကမ္ဘာ့သြဇာအကြီးမားဆုံးအမျိုးသမီး ၁ဝဝ စာရင်းတွင် ပါဝင်ခဲ့သည့်အပြင် အမျိုးသမီးကျော်စွာ ၁ဝဝ စာအုပ် (The 100 Most Influential Women of All Time) တွင်လည်း ပါဝင်ထားသူဖြစ်သည်။ ပထမဆုံးသော မွတ်စ်လင်မ်အမျိုးသမီး နိုဘယ်လ်ဆုရှင် ဖြစ်သည်။ နိုင်ငံတကာဆုတံဆိပ်များစွာအပြင် ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့များစွာလည်း ရရှိထားသူဖြစ်သည်။ ပထမဆုံးနှင့် တစ်ဦးတည်းသော အီရန်နိုင်ငံသား နိုဘယ်လ်ဆုရှင်လည်း ဖြစ်သည်။
၅။ Mohammed El Baradei (June 17, 1942 ဖွား) ••• အီဂျစ်နိုင်ငံ၏ မူဝါဒရေးဆွဲသူ (Policymaker) တစ်ဦးဖြစ်ခဲ့သလို IAEA (International Atomic Energy Agency) တွင် ၁၉၉၇ မှ ၂ဝဝ၉ ခုနှစ် အထိ ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို Nuclear စွမ်းအင်ကို စစ်ဘက်ရည်ရွယ်ချက်အတွက် အသုံးပြုခြင်းမှ ကာကွယ်ရန်နှင့် ငြိမ်းချမ်းရေးရည်ရွယ်ချက်အတွက် Nuclear စွမ်းအင်ကို အန္တရာယ်အကင်းဆုံးဖြစ်နိုင်သည့်နည်းလမ်းနှင့် အသုံးပြုရေးအတွက် ကြိုးပမ်းမှုတို့ကြောင့် IAEA နှင့် ပူးတွဲရရှိခဲ့သည်။ သူသည် ကိုင်ရိုမြို့တွင် မိဘမဲ့ဂေဟာများ တည်ဆောက်ရန်အတွက် သူရရှိခဲ့သမျှ ဆုငွေအရပ်ရပ်ကို လှူဒါန်းခဲ့သည်။ International Crisis Group တွင် ဂေါပကအဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ တတိယမြောက် အီဂျစ်နိုင်ငံသား နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်သည်။
၆။ Dr.Muhammad Yunus (28 June 1940 ဖွား) ••• ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စီးပွားရေးပညာရှင် ဖြစ်ပြီး Grameen Bank (Microfinance Organization and Community Development Bank) တည်ထောင်သူလည်း ဖြစ်သည်။ ၂ဝဝ၆ ခုနှစ် အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို အောက်ခြေလူတန်းစားတို့၏ စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးပေးရန် ကြိုးပမ်းမှုများကြောင့် ၎င်းဘဏ်နှင့်အတူ ပူးတွဲရရှိခဲ့သည်။ ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းကြီး၏ ၂ဝဝ၈ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁ဝဝ စာရင်း၌ ဒုတိယနေရာ ချိတ်ခဲ့သည်။ ၂ဝ၁၂ ခုနှစ်မှစ၍ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်သည့် Scotland နိုင်ငံရှိ Glasgow Caledonian University ၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ နိုင်ငံပေါင်း ၂ဝ ရှိ တက္ကသိုလ်များမှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ၅ဝ နှင့် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ နိုင်ငံတော်အဆင့် ဂုဏ်ပြုဆုများအပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ နိုင်ငံတကာဆုတံဆိပ်ပေါင်း ၁၁၃ ဆု ချီးမြှင့်ခံထားရသူလည်း ဖြစ်သည်။ Google+ တွင် ကမ္ဘာတစ်ဝှမ်းမှ လူနှစ်သန်းကျော် Follower ရှိသည့် ကမ္ဘာ့ Follower အများဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။ ပထမဆုံးသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊ ဘင်္ဂါလီလူမျိုး မွတ်စ်လင်မ်နိုဘယ်လ်ဆုရှင် ဖြစ်သည်။ Bengal ဒေသတစ်ဝှမ်းလုံးတွင် တတိယမြောက် နိုဘယ်လ်ဆုရှင် ဖြစ်သည်။
၇။ Malala Yousafzai (12 July 1997 ဖွား) ••• ပါကစ္စတန်နိုင်ငံသူ တက်ကြွလှုပ်ရှားသူနှင့် ပါကစ္စတန်နိုင်ငံတွင် ကလေးများပညာသင်ကြားခွင့်အရေး အထူးသဖြင့် အမျိုးသမီးများပညာသင်ကြားခွင့်အရေး ကြိုးပမ်းခဲ့သူ ဖြစ်သည်။ ၂၀၁၄ ခုနှစ် အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို Kailash Satyarthi (ဟိန္ဒူဘာသာဝင် အိန္ဒိယနိုင်ငံသား တက်ကြွလှုပ်ရှားသူ) နှင့်အတူ ပူးတွဲချီးမြှင့်ခံခဲ့ရသည်။ ကလေးသူငယ်နှင့် လူငယ်များအား နှိပ်စက်အနိုင်ကျင့်မှုကို ဆန့်ကျင်ကြိုးပမ်းမှုနှင့် ကလေးတိုင်း၏ ပညာသင်ကြားခွင့်အတွက် အရဲစွန့်ကြိုးပမ်းမှုတို့ကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဆုချီးမြှင့်ခံရစဉ်က အသက် ၁၇ နှစ်သာ ရှိသေးသော သူမသည် နိုဘယ်လ်ဆုရှင်အားလုံးတို့တွင် အသက်အငယ်ဆုံးဖြစ်သည်။ ကမ္ဘာကျော် Time Magazine ၏ ကမ္ဘာ့သြဇာအကြီးဆုံးပုဂ္ဂိုလ် ၁ဝဝ စာရင်းတွင် ၂ဝ၁၃၊ ၂ဝ၁၄၊ ၂ဝ၁၅ သုံးနှစ်ဆက်တိုက် ပါဝင်ထားသူလည်း ဖြစ်သည်။ ပါကစ္စတန်နိုင်ငံသားများတွင် ဒုတိယမြောက် နိုဘယ်လ်ဆုရှင်ဖြစ်ပြီး Pashtun လူမျိုးများတွင် ပထမဆုံးသော နိုဘယ်လ်ဆုရှင်လည်းဖြစ်သည်။
---------------------------------------
🌟 စာပေနိုဘယ်လ်ဆုရှင် မွတ်စ်လင်မ်များ 🌟

၁။ Naguib Mahfouz (11 December 1911 – 30 August 2006) ••• အီဂျစ်နိုင်ငံသား စာရေးဆရာကြီးဖြစ်သည်။ ၁၉၈၈ ခုနှစ်၏ စာပေနိုဘယ်လ်ဆုရှင်ကြီး ဖြစ်သည်။ ဆရာကြီး၏ ခေတ်သစ်အာရဗစ်စာပေ ရေးသားမှုသည် မှတ်တမ်းတင်စရာကောင်းလွန်းလှပေသည်။ သိမ်မွေ့လွန်းသော ကွဲပြားမှု၊ ရှင်းလင်းပြတ်သားမှု၊ မြင်သာလွယ်သော ယုတ္တိဆန်မှု၊ စွဲမက်ဖွယ် ဖြန့်ကျက်နားလည်နိုင်စေမှု၊ ကြွယ်ဝသော စာရေးသားဟန်တို့ဖြင့် လူသားအားလုံးနှင့်အပ်စပ်သော အာရဗ်ပုံပြင်ဇာတ်လမ်း စာပေအနုပညာကို ပုံဖော်ခဲ့သူကြီး ဖြစ်သည်။ ပထမဆုံးသော မွတ်စ်လင်မ် စာပေနိုဘယ်လ်ဆုရှင်ကြီး ဖြစ်သည်။
၂။ Orhan Pamuk (7 June 1952 ဖွား) ••• တူရကီလူမျိုး စာရေးဆရာကြီး ဖြစ်သည်။ ၂ဝဝ၆ ခုနှစ်အတွက် စာပေနိုဘယ်လ်ဆုရှင်ကြီး ဖြစ်သည်။ ဆရာကြီး၏ ဝတ္ထုရှည်များဖြစ်သော “My Name is Red” နှင့် “Snow” တို့ဖြင့် နာမည်ကျော်ကြားပေသည်။ ဇာတိမြို့၏ ကြေကွဲဖွယ်ဝိညာဉ်အတွက် ရှာပုံတော်ခရီးရှည်ထဲရောက်နေသူ ဆရာကြီးအနေဖြင့် အမြင်သဘောထားကွဲလွဲမှုနှင့် ယဉ်ကျေးမှုများ ရောယှက်ခြင်းအတွက် အမှတ်သင်္ကေတသစ်များကို ရှာဖွေဖော်ထုတ်လိုက်သူကြီးဖြစ်သည်ဟု နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့က မှတ်ချက်ပြုခြင်းကို ခံခဲ့ရသူဖြစ်သည်။ ပထမဆုံးသော တူရကီလူမျိုးနိုဘယ်လ်ဆုရှင် ဖြစ်သည်။ အမေရိကန်နိုင်ငံရှိ Columbia University တွင် Comparative Literature and Writing ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
---------------------------------------
🌟 ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုရှင် မွတ်စ်လင်မ် 🌟

Dr. Abdus Salam (29 January 1926 – 21 November 1996) ••• ပါကစ္စတန်နိုင်ငံသား ရူပဗေဒပညာရှင်ကြီး ဖြစ်သည်။ ၁၉၇၉ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို အမေရိကန်နိုင်ငံသား ရူပဗေဒပညာရှင်များဖြစ်သော Sheldon Lee Glashow နှင့် Steven Weinberg တို့နှင့် ပူးတွဲရရှိခဲ့သည်။ Elementary Particle များအကြားက Unified Weak နှင့် Electromagnetic Interaction တို့၏ Theory ဖော်ထုတ်နိုင်ခဲ့မှုနှင့် Weak Neutral Current ကို ကြိုတင်မှန်းဆနိုင်ရန် ကြိုးပမ်းနိုင်ခဲ့မှုတို့ကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်။ အီတလီနိုင်ငံ အခြေစိုက် International Centre for Theoretical Physics နှင့် လန်ဒန်မြို့ရှိ Imperial College တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ပါကစ္စတန်အစိုးရက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ဖြင့် Non-Muslim ဟု ကြေညာခံထားရသော Ahmadiyya Muslim Community ဝင်တစ်ဦးဖြစ်သည်။ သူသည် ပထမဆုံးသော ပါကစ္စတန်နိုင်ငံသား နိုဘယ်လ်ဆုရှင်ဖြစ်သကဲ့သို့ တစ်ဦးတည်းသော ပါကစ္စတန်နိုင်ငံသား နိုဘယ်လ်ဆုရ သိပ္ပံပညာရှင်လည်း ဖြစ်သည်။
---------------------------------------
🌟 ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုရှင် မွတ်စ်လင်မ်များ 🌟

၁။ Dr. Ahmed Zewail (February 26, 1946 ဖွား) ••• အီဂျစ်-အမေရိကန် သိပ္ပံပညာရှင်ကြီးဖြစ်သည်။ ၁၉၉၉ ခုနှစ်၏ ဓာတုဗေဒဆိုင်ရာနိုဘယ်လ်ဆုရှင်ဖြစ်သည်။ Femtosecond Spectroscopy အသုံးပြု၍ Chemical Reaction များ၏ Transition State များကို လေ့လာဆန်းစစ်နိုင်ခဲ့မှုကြောင့် ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။ Femtochemistry ၏ ဖခင်ကြီးဟု ခေါ်ဝေါ်ကြသည်။ ပထမဆုံးသော မွတ်စ်လင်မ်ဓာတုဗေဒပညာရှင် နိုဘယ်လ်ဆုရှင်ဖြစ်ပြီး ဒုတိယမြောက် မွတ်စ်လင်မ်သိပ္ပံပညာရှင် နိုဘယ်လ်ဆုရှင်လည်း ဖြစ်သည်။ အမေရိကန်နိုင်ငံရှိ California Institute of Technology (Caltech) တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။ အမေရိကန်သမ္မတအိုဘားမား၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာ သမ္မတအကြံပေးကောင်စီ (PCAST) တွင် ပါဝင်ဆောင်ရွက်ရန် လျာထားခြင်း ခံထားရသူလည်း ဖြစ်သည်။
၂။ Dr. Aziz Sancar (September 8, 1946 ဖွား) ••• တူရကီ-အမေရိကန် ဇီဝဓာတုသိပ္ပံပညာရှင်ကြီး ဖြစ်သည်။ ပထမဆုံးသော တူရကီလူမျိုး နိုဘယ်လ်ဆုရဓာတုဗေဒပညာရှင်နှင့် ဒုတိယမြောက် တူရကီလူမျိုး နိုဘယ်လ်ဆုရှင်လည်း ဖြစ်သည်။ DNA ပြန်လည်ပြုပြင်ခြင်းကို နည်းစနစ်တကျ လေ့လာဆန်းစစ်နိုင်ခဲ့မှုကြောင့် ယခုနှစ် ၂ဝ၁၅ ခုနှစ်၏ ဓာတုဗေဒဆိုင်ရာနိုဘယ်လ်ဆုရှင်ကြီးအဖြစ် Tomas Lindahl (ဆွီဒင်လူမျိုး သိပ္ပံပညာရှင်) နှင့် Paul L.Modrich (အမေရိကန်နိုင်ငံသား သိပ္ပံပညာရှင်) တို့နှင့်အတူ ပူးတွဲရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ တတိယမြောက် မွတ်စ်လင်မ်သိပ္ပံပညာရှင် နိုဘယ်လ်ဆုရှင် ဖြစ်သည်။ အမေရိကန်နိုင်ငံရှိ University of North Carolina တွင် ဇီဝဓာတုပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
---------------------------------------
စာဖတ်သူအဆွေ... အသင်သည် အထက်ပါပုဂ္ဂိုလ်ကြီးများ၏ အကြောင်းကို ဖတ်ပြီး အင်မတန်မှ လေးစားမဆုံး ဖြစ်နေမည်မှာ အမှန်ပင်။ မွတ်စ်လင်မ်တို့သည် ဤမျှပင် ကမ္ဘာကြီးအား အကျိုးပြုလျက်ရှိနေသည်ဟူ၍။ တစ်ဆက်တည်းပင် အသင့်တွင် အခြားအတွေးတစ်စ ဝင်လာပေမည်။ ထိုအတွေးကား ယနေ့ကမ္ဘာ့လူဦးရေ၏ ၂၃ ရာခိုင်နှုန်းအထက်ရှိနေသည့် မွတ်စ်လင်မ်တို့သည် ၈၇ဝ သော နိုဘယ်လ်ဆုရှင် လူပုဂ္ဂိုလ်များတွင် ၁၂ ဦးသာ ရှိနေသည်ဟူ၍ ဖြစ်သည်။ မှန်ပါသည်။ ဤပမာဏသည် ရာခိုင်နှုန်းအားဖြင့်ဆိုလျှင် ၁.၃၈ ရာခိုင်နှုန်းသာရှိသည့် မပြောပလောက်သော ပမာဏသာဖြစ်သည်။ တစ်ဖက်တွင်တော့ ကမ္ဘာ့လူဦးရေ၏ ဝ.၂ ရာခိုင်နှုန်းအောက်သာရှိသည့် ဂျူးများသည် နိုဘယ်လ်ဆုရှင်ပုဂ္ဂိုလ်များ၏ ၂၂ ရာခိုင်နှုန်း (ငြိမ်းချမ်းရေးဆု ထည့်မတွက်လျှင် ၂၄ ရာခိုင်နှုန်းကျော်) အထိရှိနေသည်။ မွတ်စ်လင်မ်တို့သည် လွန်ခဲ့သည့် နှစ် ၅ဝ ခန့်ကမှ ကိုလိုနီစနစ်အောက်မှ လွတ်မြောက်နိုင်ခဲ့ပြီး စာမတတ်ခြင်း၊ ဆင်းရဲခြင်း၊ အလုပ်အကိုင်ပြတ်လပ်ခြင်းနှင့် စစ်၏လက်ကျန်ပြဿနာများစွာကို ဖြေရှင်းနေရလျက်ရှိသည်။
စစ် (သို့မဟုတ်) ကာကွယ်ရေးအသုံးစရိတ်များကို လျှော့ချပြီး ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ ကျန်းမာရေးနှင့် အလုပ်အကိုင်ဖန်တီးရေးတို့အတွက် အသုံးစရိတ်များ တိုးမြှင့်ကာ ဆောင်ရွက်နေကြရသည်။ မည်သို့ပင်ဆိုစေကာမူ အနောက်တိုင်းသားတို့သည် မွတ်စ်လင်မ်တို့အား အစ္စလာမ်မစ်အစွန်းရောက်ဟု ညွှန်းဆိုစွပ်စွဲနေကြသော်လည်း ၎င်းတို့ကပင် မွတ်စ်လင်မ်တို့အား ငြိမ်းချမ်းရေးနိုဘယ်လ်ဆုများကို ချီးမြှင့်နေကြရသည်။ ၁၂ ဦးသော မွတ်စ်လင်မ်နိုဘယ်လ်ဆုရှင်များတွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်က ၇ ဦးထိ ရှိနေခြင်းသည် အထင်အရှားသက်သေကြီးပင်ဖြစ်သည်။ အမှန်တကယ်တွင်လည်း အစ္စလာမ်ဟူသည်မှာ ငြိမ်းချမ်းရေးကို အဓိပ္ပာယ် ဖွင့်ဆိုပေသည်။
မွတ်စ်လင်မ်တို့၏ အန္တိမပန်းတိုင်သည် နိုဘယ်လ်ဆုရရှိရေးမဟုတ်။ လူသားအကျိုး၊ လောကအကျိုးသယ်ပိုးရေးသည်လည်း မွတ်စ်လင်မ်တိုင်း၏ တာဝန်တစ်ရပ်သာ ဖြစ်သည်။ မွတ်စ်လင်မ့်ပန်းတိုင်သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှု ရရှိရေးနှင့် နှစ်ဘဝ နှစ်ဌာန အောင်မြင်ရေးဖြစ်သည်။ ထိုပန်းတိုင်ကြီးသို့ ရောက်ရှိရန်မှာ စစ်မှန်သော အစ္စလာမ့်လမ်းကိုသာ လျှောက်လှမ်းရန် လိုအပ်ပေသည်။ ထိုလမ်းမှန်ကို သေချာစွာ သိရှိရန်လည်း အရေးကြီးလာပေသည်။ ထိုသို့ သိလိုစိတ်များပေါက်ဖွားလာကာ ရှာဖွေဆည်းပူး၍ လိုက်နာကျင့်သုံးလာရန် ဦးစွာပထမ မိမိကိုယ်မိမိ မွတ်စ်လင်မ်အဖြစ် ဂုဏ်ယူတတ်ရန် လွန်စွာ အရေးကြီးလှပေသည်။ ယနေ့မွတ်စ်လင်မ်တို့သည် တစ်နေ့တစ်ခြား ဂုဏ်သိမ်ခြင်းအဖြစ်သို့ ရွေ့လျားကာ မွတ်စ်လင်မ်ဇာတိသွေး ဇာတိမာန် ပျက်ပြားနိမ့်လျော့လျက် ရှိကြကုန်၏။ ထိုသို့ ဇာတိသွေး ဇာတိမာန် လျော့ကြခြင်း သပ်သပ်ရှိနေလျှင် တော်ပေသေးသည်။ အချို့တို့သည် မိမိတို့ မွတ်စ်လင်မ်ဖြစ်ခြင်းကိုပင် နာကျင်သေး၏။ အချို့အချို့ကမူ အစ္စလာမ်သာသနာကို ယုံကြည်သည်ဟု ဝန်ခံလျှင်ပင် အညံ့ဘာသာလက်ခံသူ၊ အညံ့လူမျိုးတွင် အပါအဝင်ဖြစ်သည်ဟု သူတစ်ပါးယူဆမည်ကိုစိုးရိမ်၍ မိမိ၏ ဇာတိ၊ ဘာသာနှင့် သာသနာကိုပင် ရဲဝံ့စွာ မဖော်ထုတ်ရဲပေ။
ဤအဖြစ်မျိုး ရောက်ရခြင်းကား ထိုသို့ရောက်သောသူများ၏ အပြစ်ချည်းသာဖြစ်သည်ဟု တစ်ထစ်ချမဆိုလိုပါ။ မိမိတို့၌ ဇာတိသွေး၊ ဇာတိမာန် တက်ကြွရာများ မရှိဟု ယူဆ၍သာ ဖြစ်ကြရသည်။ ထိုအဖြစ်သို့ ပို့ဆောင်သောလက်သည်ကား နယ်ချဲ့ဝါဒနှင့် ကိုလိုနီစနစ်ကပေးသော ပညာရေးဝါဒဖြစ်သည်။ တရားခံကား နယ်ချဲ့ဖြစ်၏။ ဥရောပသည် ဂုဏ်ယူရန်ကိစ္စတို့၌ ငါတစ်ဦးတည်းလုပ်သည်ဟူသော ဆောင်ပုဒ်ကို အမြဲလက်သုံးပြုခြင်းကြောင့် ဖြစ်သည်။
ကမ္ဘာမြေကြီးသည် ပြားသည်။ သို့အတွက် ကမ္ဘာ့အစွန်းသို့ သင်္ဘောရွက်လွှင့်လျှင် ထိုကမ္ဘာအစွန်းရှိ ချောက်ထဲသို့ သင်္ဘောကျရန်ရှိသည်ဟု ဥရောပတိုက်၌ ကြောက်စိတ်ဝင်နေသည့် အချိန်အခါကာလ၌ မွတ်စ်လင်မ်အာရဗ်များက ကမ္ဘာသည် လုံးသည်ဟု ယုံကြည်ရုံသာမက ကမ္ဘာ့အဝန်းကိုပင် တိုင်းတာပြသခဲ့၏။ ကုန်သည်လုပ်ငန်း၌ စျေးတွက်ပင် မတွက်တတ်သေးသော ဥရောပတိုက်သားတို့အား အာရဗ်ကုန်သည် မွတ်စ်လင်မ်တို့က သင်္ချာနှင့် အတွက်ပညာများ သင်ပေးရုံမျှမက ယနေ့အာရဗီဂဏန်း (မြန်မာပြည်၌ အသုံးပြုသော အင်္ဂလိပ်ဂဏန်း) ဟုခေါ်သည့် အတွက်ပညာတွင် ပါရှိသည့် သင်္ကေတတို့ကို ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ နေရာတို့ကို ကိန်းနေရာအလိုက်ချရသည်တို့ကို သင်ပေး၍ သုညနှင့် ဒဿမတို့ကိုပါမချန် ပြသအမွေပေးခဲ့၏။
ကျောက်လမ်းကို မမြင်သေးဖူးသေးဘဲ ရွှံ့နွံထဲသွားလာနေရသော ဥရောပအမှောင်ခေတ်၌ မွတ်စ်လင်မ်အာရဗ်များက ကျောက်လမ်းခင်းပြီး လမ်းမီးများညှိထွန်းလျက်ရှိ၏။ ဥရောပတိုက်၌ လူနာများကို မန်းမှုတ်ပြီး ကုသနေသည့်အချိန်တွင် မွတ်စ်လင်မ်အာရဗ်တို့သည် ဆေးဝါးဖြင့် ၎င်းလူနာများကို ဆေးကုနေ၏။ ဆေးရုံဟူသော ဝေါဟာရကို ဥရောပတိုက်သားတို့ မကြားဖူးသေးသည့်အချိန်တွင် အစ္စလာမ်နိုင်ငံများတွင် ဆေးရုံများ၊ ဆေးခန်းများထားပြီး ဆေးကုသနေသည်။
ကျွန်ုပ်တို့ ယနေ့အညံ့ဘဝ၌ ရှိနေသည့်အလား မွတ်စ်လင်မ်အာရဗ်တို့၏ ပညာအရှိန်အဝါတောက်ပသည့်အချိန်အခါ၌ ဥရောပတိုက်သည်လည်း အညံ့ဘဝ၌ ရှိနေခဲ့၏။ သို့သော် ယနေ့ခေတ်တွင်လည်း မွတ်စ်လင်မ်ငြိမ်းချမ်းရေးသမားကြီးများ၊ ပညာရှင်ကြီးများ ပေါ်ထွန်းလာလျက်ရှိနေသည်ကို နိုဘယ်လ်ဆုကြီးရှုထောင့်မှ တင်ပြထားခြင်းဖြစ်ပါသည်။ ကမ္ဘာ့ရာဇဝင်တွင် အင်မတန်ပြောင်မြောက်လှပ ထွန်းတောက်ခဲ့သည့် မွတ်စ်လင်မ့်သမိုင်းကြယ်ပွင့်ကြီးကို ယနေ့မွတ်စ်လင်မ်များ ပြန်လည်ဆွတ်ခူးကာ ကမ္ဘာ့အကျိုး၊ လူသားအကျိုးသယ်ပိုးရင်း နှစ်ဘဝ၊ နှစ်ဌာန အောင်မြင်သော မွတ်စ်လင်မ်ပီသသူများ ဖြစ်ကြပါစေဟု မျှော်လင့်ဆုတောင်းလျက်။
---------------------------------------
~ ကိုးကား ~ • https://en.m.wikipedia.org/wiki/ListofMuslimNobellaureates • www.nobelprize.org • www.irfi.org/ar…/articles-951-1000/nobelprizesformuslims.htm • သီရိပျံချီဦးဘသောင်း (ဘီအက်စီ၊ ဘီအလ်) ၏ "အစ္စလာမ်နှင့် လောကဓာတ်ပညာ" စာအုပ်
---------------------------------------
ပုံနှိပ်မူရင်း - တက္ကသိုလ်မွတ်စ်လင်မ်ကျောင်းသားများကွန်ရက် - မြန်မာ ၏ ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ခေတ်ကြေးမြင် နှစ်လည်မဂ္ဂဇင်း
Comments