အိုဘယ့်...ကျူရှင်
- Ye Myo Zaw
- Apr 14, 2020
- 2 min read
ဇွန်လ၊ ၂၇ ရက်နေ့က အင်မတန်ဝမ်းမြောက်စရာ သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ `အမြစ်တွယ်နေသည့် ကျူရှင်စနစ်ကို အစိုးရသစ် ပြောင်းလဲမည်ဟုဆို´ ဟူသည့်သတင်း။ 7days daily ပါ သတင်းဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရောက် မြန်မာဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် တွေ့ဆုံစဉ် ကျူရှင်ကိစ္စနှင့်ပတ်သက်၍ပြောကြားလိုက်မှုများကိုဖော်ပြထားသည်။
‘‘အခုခေတ်က ကျူရှင်ဆိုတာကြီးကို ထမင်းစားရေသောက်လိုဖြစ်နေပြီ။ တော်တော်ကို ပြောင်းယူရမယ်။ နံပါတ်တစ်ကတော့ ကျူရှင်ပေးရတဲ့အကြောင်းရင်းကတော့ ဆရာ၊ ဆရာမတွေ လစာပြည့်ပြည့်ဝဝမရလို့၊ ဒီကိစ္စကို ပြောင်းရမယ်’’
မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသည့် ကျူရှင်စနစ်ကို အစိုးရသစ်က ပြောင်းလဲမည်ဖြစ်ပြီး ရေးဆွဲထားသောဥပဒေများ အကျိုးသက်ရောက်မှု မရှိပါက တရားစွဲဆိုနိုင်ကြောင်း၊ တစ်ချိန်က မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် ကျူရှင်ပေးခြင်းများမရှိခဲ့ဘဲ ကျူရှင်ယူသူများသည် အင်မတန်မှ ညံ့ဖျင်းသူများဖြစ်ပြီး ရှက်စရာအလွန်ကောင်းကြောင်း၊ ကျူရှင်စနစ် ပပျောက်ရန် ရည်ရွယ်ချက်ဖြင့် ဆရာ၊ ဆရာမများအား လစာတိုးမြှင့်မှုများပြုလုပ်ခဲ့သော်လည်း ကြားမှဖြတ်တောက်မှုများရှိနေ၍ အစိုးရသစ်လက်ထက်၌ ဆရာ၊ ဆရာမများ လစာပြည့်ပြည့်ဝဝ ရရှိစေရန် ပထမအဆင့်အနေဖြင့် ဘဏ်အကောင့်မှတစ်ဆင့် လွှဲထည့်ပေးသည့်စနစ်ကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်း...စသည်တို့
အိမ်၊ကျောင်း၊ ကျူရှင်..အိမ်၊ကျောင်း..စသည်ဖြင့်လုံးချာလည်နေသော မြန်မာ့အခြေခံပညာကျောင်းသူကျောင်းသားတို့၏ဘဝမှာ အားကစား..မရှိ၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သန့်ရှင်းမှု..ချို့တဲ့၊ စာကြည့်တိုက်..ရှေ့ကပင်ဖြတ်မလျှောက်၊ အထွေထွေဗဟုသုတ နတ္ထိဖြင့်တစ်နှစ်တစ်တန်းအောင်နေကြရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျူရှင်ယူသူများကို အင်မတန် ညံ့ဖျင်းသူတဲ့၊ မှန်လိုက်လေ..ယနေ့ကျောင်းတွင်သင်ကြားလိုက်သည့် စာများကိုနေ့ပင်မကူး ကျူရှင်တွင်တစ်ခါ ပြန်လည်သင်ကြားခြင်း ဖြစ်နေသည်ကိုး။ ရှင်မဟာရဋ္ဌသာရ၏ `ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက..´ ဟူသော ဆုံးမစာကို `သင်ပြန်သော်ကား၊ သင်ဖန်များက..´ ဟူ၍ပြောင်းလိုက်ပုံရပါသည်။ကျောင်းတွင်စေတနာ၊ ဝါသနာ၊ အနစ်နာ ဟူသည့်နာသုံးနာဖြင့်စနစ်တကျ ဘက်လိုက်မှုမရှိဘဲ သင်ကြားခဲ့ခြင်းမှန်လျှင်ကျူရှင်တွင်တစ်ခါ ပြန်၍အဘယ်ကြောင့်သင်ရသနည်း။ လစာမလုံလောက်၍ဆိုတိုင်းကျောင်းသူကျောင်းသားများ၏ ကိုယ်ပိုင်အချိန်ကို သင်ပြီးစာများ ထပ်သင်၍ ဖဲ့ယူပိုင်ခွင့်ရှိပါသလား။ ဆရာ၊ ဆရာမများလည်း အိမ်ပြန်နားချင်ပါမည်။ကျောင်းသူကျောင်းသားများလည်း နားချင်၊ ကစားချင်ပါမည်။ ဤသို့ဆိုလျှင်ကျူရှင်များ၏ ဆွဲဆောင်မှုကား အဘယ်နည်း။ လျှို့ဝှက်ချက်တော့ ရှိမည်။ ဟုတ်သည်။ မဟာလျှို့ဝှက်ချက်ကြီးကား အခြားမဟုတ်.. စာမေးပွဲ။ ကျူရှင်တက်သူများ စာမေးပွဲမေးခွန်းများကို ကြိုတင်၍ အတိအကျပင်သင်ကြားပေးခြင်းခံကြရသည်။သြော်...`အလွန်တရာ၊ သစ်ရိပ်မှာလျှင်၊ ချမ်းသာသည်ထက်၊ စုံမက်မြတ်နိုး၊ဆွေမျိုးမိဘ၊ အရိပ်ရသော်၊အေးမြသည်ပင်၊ ထိုထက်လျှင်လည်း၊ ပဲ့ပြင်ဆရာ´၏စေတနာကား အံ့သြလောက်ပါဘိ။ ကိုရွှေစာမေးပွဲကြီးတွင်ပုံမှန်အောင်မြင်ရေး၊ အမှတ်ကောင်းရေးတို့အတွက်မိဘများကလည်း သားသမီးများကို ကျူရှင်ထားကြသည်။ ဆရာ၊ ဆရာမများကလည်း ကျူရှင်သို့တက်ရန်ထိုသို့သင်ကြားပေးမှုဖြင့်အကြီးမားဆုံး မဲဆွယ်စည်းရုံးကြသည်။ ကျွန်တော်တို့နေထိုင်ရာမြို့နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင်ဆိုလျှင်ကျောင်းချိန်ပြီးသည်နှင့်တစ်ဆက်တည်း အတန်းပိုင်ဆရာမက အတန်းထဲမှာပင်ကျူရှင်ကို ဆက်ပြပြန်လေတော့သည်။ကျောင်းအုပ်ဆရာမကြီး၊ သက်ဆိုင်ရာ ဆရာ၊ ဆရာမများနှင့်မိဘအချို့တို့၏ `စုပေါင်းညီညာအောင်ကြောင်းဖြာ´မှု တစ်ခုပင်။ ကျူရှင်လခများမှာလည်း တစ်နှစ်ထက်တစ်နှစ်မြင့်မားလာသည်။ အဘယ်ကြောင့်ဆိုသော်တိုင်တန်းမှုများ၊ ဌာနဆိုင်ရာများ၏ ညွှန်ကြားမှုများကြားမှ အရဲစွန့်သင်ကြားနေရခြင်းကြောင့်ဟု ဆိုသည်။ ကျူရှင်မတက်နိုင်သူကျောင်းသူကျောင်းသားတစ်စုမှာတော့ ကျန်ကျောင်းသားအားလုံးမေးခွန်းရကြသည်။ သူတို့ခမျာမှာလည်း စာအားလုံး ဘယ်လုပ်ချင်တော့မည်နည်း။ ကျူရှင်တက်သူသူငယ်ချင်းများထံ ကပ်ကြရသည်။မေးခွန်းရရေးအောက်ကျို့ကြရသည်။ ကျူရှင်တက်သူကျောင်းသားအချို့မှာလည်း မည်သူ့ကိုမျှ ပြန်မပြောပြရေး ကတိအထပ်ထပ်တောင်းကာပြောပြရသည်။ သူကိုယ်တိုင်ကတော့ ဆရာမထံပေးထားသည့်ကတိကို ဖျက်လိုက်ရပြီ။
အထက်တန်း ( ၉၊ ၁၀တန်း)တွင်တော့ တရားဝင်ကျူရှင်များကိုကျောင်းသူကျောင်းသား၊ မိဘနှင့်ဆရာ၊ ဆရာမများကပါ အားကိုးလာကြပေသည်။ အထူးသဖြင့်၁၀တန်းကျောင်းသားဘဝတွင်ကျောင်းဆရာ၊ ဆရာမအချို့သည်အခွင့်အရေးရသဖြင့်ကျောင်းတွင်စာသိပ်မသင်တော့သည်ကို ကျွန်တော့်ကိုယ်တွေ့မို့ မမေ့နိုင်။ သင်ပြန်တော့လည်း တတ်အောင်မသင်၊ သင်ရိုးညွှန်းတမ်းပြီးစီးရေးသာ အဓိကထားကာ မာရသွန်အပြေးပြိုင်ပွဲ ဝင်နေသလားပင်၊ အမြန်နှုန်းဖြင့်စိတ်မပါလက်မပါ သင်ကြားခဲ့သည်ကိုလည်း ကြုံခဲ့ရပါသည်။ လုံးဝမသင်သော ဆရာ၊ ဆရာမအချို့ပင်ရှိကြပါသေးသည်။ ထို့အတွက်ကြောင့်တက္ကသိုလ်ဝင်တန်းအတွက်ရည်မှန်းချက်ကြီးကြီးထားသောကျောင်းသူကျောင်းသားများမှာကျောင်းတက်ရသည်ကို အချိန်သာ ကုန်သည်၊ ဘာစာမှကောင်းကောင်းနားမလည်၊ သဘောမပေါက်ဟူ၍ အတွေးဝင်ပြီးကျောင်းပျက်လာကြတော့သည်။ သို့ပေမယ့်''ကျောင်းခေါ်ကြိမ်၇၅ ရာခိုင်နှုန်း မပြည့်ခဲ့ရင်တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်လျှောက်လွှာမပေးဘူးနော်'' ဟူ၍ ခြိမ်းခြောက်မှုများလည်း ရှိနေပြန်ပါသည်။ ထို့ကြောင့်ယခုနောက်ပိုင်းတွင်ငွေကြေးတတ်နိုင်သူမိဘများမှာ သားသမီးများကို အစိုးရကျောင်းတက်ရန်မလိုသည့်ကိုယ်ပိုင်အထက်တန်းကျောင်းများထားလာကြသည်ကိုတွေ့ရပါသည်။ အစိုးရအထက်တန်းကျောင်းဆရာ၊ ဆရာမအချို့စုပေါင်း၍ ကျူရှင်ဖွင့်လာကြသည်ကိုလည်းတွေ့လာရသည်။ ၎င်းတို့ ကျူရှင်မတက်သည့်ကျောင်းသူကျောင်းသားများကို '' ငါတို့က အမှတ်ပေးစည်းမျဉ်းနဲ့အညီပဲ သင်တာနော်.. ငါတို့က အမှတ်ခြစ်လာတာ ဘယ်နှနှစ်ရှိနေပြီနော်.. နင်တို့ကျူရှင်တွေက သင်တဲ့အတိုင်းဖြေရင်အဖြေဘယ်လောက်မှန်မှန်အမှတ်တွေကလျော့မှာ..စေတနာနဲ့ပြောတာနော် '' စသဖြင့်ခြိမ်းခြောက်မဲဆွယ်ကြသည်။ သည်ဘက်ကျူရှင်များမှာလည်း '' ငါတို့မှာခြောက်ဘာသာဂုဏ်ထူးရှင်က ဘယ်နှယောက်.. ဘယ်နှဘာသာဂုဏ်ထူးရှင်က ဘယ်နှယောက်နှစ်တိုင်းမွေးထုတ်ပေးနေတာနော်..'' စသဖြင့်ကြော်ငြာကြသည်။ အစိုးရအထက်တန်းကျောင်းဆရာ၊ ဆရာမအချို့၏ ကျူရှင်များနှင့်အပြင်ကျူရှင်များ၏ တိုက်ပွဲများ၊ အပြင်ကျူရှင်အချင်းချင်း၏ အားပြိုင်မှုများမှာလည်း တရုတ်ဇာတ်ကားများမှ သိုင်းလောကတိုက်ပွဲများထက်ပင်ပို၍ရှုပ်ထွေးလှကြောင်း ညီငယ်၊ ညီမငယ်များ၏ပြောပြချက်များအရတွေးဆဆင်ခြင်မိသည်။ ထိုတိုက်ပွဲများကြားမှမြေစာပင်ကလေးများဖြစ်သည့်ကျောင်းသူကျောင်းသားများတွင်လည်းတွေ့ဆုံကြမည်၊ စုဝေးကြမည်၊ဝေလေလေလုပ်ကြမည်ဟူသော ရည်ရွယ်ချက်ဖြင့်ကျောင်းသွားနေကြသော တက္ကသိုလ်ဝင်တန်းကျောင်းသူကျောင်းသားများ အတော်များလာသည်ကို ရင့်နင့်ဖွယ်ရာတွေ့ရပါသည်။ ထို့ကြောင့်ယခုနှစ်၂၀၁၆ တက္ကသိုလ်ဝင်တန်း၌ တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်း ၂၉.၉၂ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ကို အထင်အရှားတွေ့မြင်နိုင်ပါသည်။ ယခုခေတ်ကျောင်းသူကျောင်းသားများသည်ကျောင်းမှစာသင်လျှင်လည်း သင်တဲ့စာကို ကိုယ်တိုင်တတ်သိနားလည်အောင်အားမထုတ်၊ ကျူရှင်က တတ်အောင်သင်လိမ့်မယ်ဆိုတဲ့ မှီခိုတတ်သည့်အကျင့်၊ တစ်ပုဒ်တလေသင်ပြီး အိမ်စာများသာ အသေအလဲပေးတတ်သောကျောင်းသားဗဟိုပြုစနစ်နှင့်စဉ်ဆက်မပြတ်အကဲခတ်၊ အခန်းတစ်ခုပြီးတိုင်း လစဉ်လေ့ကျင့်ခန်းတွေကိုသာမေးခဲ့ဖြေခဲ့ကြသဖြင့်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင်အခက်အခဲများရင်ဆိုင်လာကြရပါတော့သည်။ အပြောမဟုတ်၊ သက်သေထုတ်ရမည်ဆိုပါကဆွေးနွေးပွဲတစ်ခုတွင်ကျောင်းအုပ်ဆရာကြီးက '' ဒီနှစ်အောင်ချက်မြင့်မားအောင်ဘာလုပ်ကြရမလဲ '' ဟုမေးခွန်းထုတ်သည့်အခါကျောင်းသားတစ်ဦးထံမှ'' ကျောင်းများများ ပျက်ခွင့်ပေးရပါမယ်'' ဟု ပွင့်ပွင့်လင်းလင်းထဖြေသံ ကြားရပါသည်။
အဆင့်မြင့်ပညာကဏ္ဍတွင်တော့ အဆင့်မြင့်ဆိုသည့်အတိုင်း အဆင့်မြင့်လာကြသည်။ Tutorial၊ Practical၊ Lab ရှိသည့်နေ့၊ Assignment တင်ရမည့်နေ့များတွင်သာကျောင်းသူကျောင်းသားအစုံအလင်ရောက်ရှိလာကြသည်။ ကျန်ရက်များ.. အိမ်တွင်လား.. မဟုတ်ပါ။ကျောင်းသွားသည်ဟုဆိုကာ မိဘများထံမှ မုန့်ဖိုးတောင်း၍ အလေလိုက်နေကြသည်။ အရွယ်ရောက်၊ မြီးကောင်ပေါက်အရွယ်ဖြစ်သဖြင့်စိတ်အလိုလိုက်ကာ မကောင်းမှုဟူသရွေ့ကို မကောင်းသည့်နေရာ အစုံအလင်သွားကာ တပျော်တပါး ကျူးလွန်နေကြသည်။ထို့ပြင်တက္ကသိုလ်ဝင်းအတွင်း စာသင်ခန်းလွတ်များ၊ ကန်တင်းများ၊ တက္ကသိုလ်အနီးဝန်းကျင်ရှိ အဆောင်များတွင်ပါ ဖဲဝိုင်းများထောင်လာကြသည်။ ကျားမတန်းတူ ဖဲရိုက်နေကြသည်။ ဆယ်တန်းတွင်နင်းကန်ဖိထားသည့်ဖိအားများသည်မြို့ပြင်ထုတ်တက္ကသိုလ်ကျောင်းသားဘဝတွင်လွတ်ထွက်ကုန်ကြသည်။ ဖဲရိုက်၊လောင်းကစား၊ မူးယစ်ဆေး၊ အရက်၊ကွမ်း၊ ဆေးလိပ်၊ဆေးမှင်ကြောင်၊ ကာမ...အစုံစုံ။ကျောင်းခေါ်ကြိမ်... စိတ်ပူစရာမလို၊ ဆရာမဆီမှာ ကျူရှင်တက်တယ်တဲ့၊ ဆရာမက မပေးရင်တောင်နည်းနည်းငိုပြချွဲပြလိုက်ရင်အိုကေတယ်တဲ့။ '' ကျူရှင်.. ဘာသာစုံတတ်မှအောင်မှာနော်..'' ဟူ၍ အိမ်ကိုပြောကာ ကျူရှင်လခယူသည်။ တကယ်တမ်း ဘာသာစုံတက်ခြင်းမဟုတ်၊ တစ်ဘာသာ နှစ်ဘာသာသာ၊ ကျန်ငွေများခေတ်အခေါ်အဝေါ် `ဗုန်း´လိုက်ကြသည်။ ထိုငွေများဖြင့်လုပ်ချင်ရာလုပ်၊ သုံးချင်ရာသုံး၊ ဖြုန်းချင်ရာဖြုန်းနေကြသည်။ နတ်ပြည်ရောက်တက္ကသိုလ်ကျောင်းသူကျောင်းသားများပင်။ မိဘများကုန်းရုန်းရှာဖွေထားကြရသည့်ငွေများကို '' မင်း/နင်ဘယ်နှဘာသာ ဗုန်းထားလဲ.. ငါကတော့ ဘယ်နှဘာသာ... '' ဆို၍ ဂုဏ်ယူဝင့်ကြွားစွာ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း သုံးဖြုန်းနေကြသည်။ အဇာတသတ်ပင်အဖေ/အမေခေါ်ရလောက်သည်။ ကျူရှင်/ဝိုင်းသင်သည့်ဆရာ၊ ဆရာမအချို့မှာလည်း ကျူရှင်တက်သည့်ကျောင်းသားနှင့်မတက်သည့်ကျောင်းသားများအပေါ် ဆက်ဆံပုံ၊ စာသင်ပုံ ကွဲပြားသည်။ စာမေးပွဲနီးလျှင်မေးခွန်းဘယ်နှစုံဟူ၍ ကျူရှင်တက်ကျောင်းသူကျောင်းသားများ ရကြသည်။ ထိုအစုံများကို ကြိုတင်လေ့လာကျက်မှတ်သည်ဟူ၍တော့ မထင်နှင့်၊ မည်သို့မည်ပုံ ခိုးချရမည်၊ မသမာသောနည်းဖြင့်ဖြေကြရမည်ကို စနစ်တကျ ကြိုတင်ပြင်ဆင်ကြသည်။ အဆင့်မြင့်ပညာကျောင်းသားများဖြစ်၍ နည်းမျိုးစုံဖြင့်အဆင့်မြင့်မြင့်ခိုးချကြသည်။ တစ်နှစ်တစ်တန်းပုံမှန်အောင်နေကြသည်။ တစ်နှစ်ထက်တစ်နှစ်ဈေးတက်လာသော ကျူရှင်လခများကို မတတ်နိုင်သူကျောင်းသူကျောင်းသားများနှင့်ဖြောင့်မတ်ရိုးသားသောကျောင်းသူကျောင်းသားတစ်စု နစ်နာနေကြရသည်။ ၎င်းတို့ခမျာ အနည်းငယ်လွဲချော်၊ကံအကြောင်းမလှ၍အောင်စာရင်းတွင်မပါလာသောအခါ မခံနိုင်မရပ်နိုင်ဖြစ်ကာ မိမိကိုယ်ကိုယ်အဆုံးစီရင်သည်အထိ ဖြစ်လာကြကြောင်း သတင်းများတွင်တွေ့ဖူးကြလိမ့်မည်။ စပေါ့ရသူ၊ ခိုးချသူများမှာတော့ ပန်းပန်လျက်ပင်...။ ဤတွင်အောင်မြင်သူတိုင်း မသမာသောနည်းဖြင့်ဖြစ်သည်ဟု မဆိုလို။ ခိုးချသူတိုင်းအောင်မြင်နေသည်ဟုလည်း မရည်ညွှန်း။
ကုန်ကုန်ပြောရမည်ဆိုလျှင်မြန်မာ့ပညာရေးနှင့်အကျင့်စာရိတ္တပါ ပျက်စီးနေမှုများတွင်ကျူရှင်စနစ်သည်လည်း အဓိကလက်သည်တစ်ခုအဖြစ်ပါဝင်နေကြောင်းတွေ့ရှိကြရပေမည်။ ၎င်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ရိပ်စားမိသဖြင့်ပြောင်းလဲမည်ဟု ဆိုခြင်းဖြစ်မည်။ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကျွန်တော့်တွင်အကြီးမားဆုံးဆန္ဒတစ်ခုရှိသည်။ တစ်ချိန်က အာရှတွင်ပင်ဂုဏ်ပြောင်ခဲ့သည့်မြန်မာ့ပညာရေးကြီး ယခု အရှေ့တောင်အာရှအဆင့်တွင်တော့ လက်မထောင်နိုင်ရေးဖြစ်သည်။ ကျွန်တော်မသေမီ ဤဆန္ဒကြီးပြည့်မည်ဟုလည်း တထစ်ချ ယုံကြည်ပါသည်။
ကျွန်တော်အပါအဝင်ကျောင်းသူကျောင်းသားအားလုံးကျောင်းနေပျော်၍ စာတော်နိုင်ကြပါစေ.. စိတ်ဓာတ်မှန်၊ စည်းကမ်းကောင်း၊ ပညာထက်၍ ဘဝလှနိုင်ကြပါစေ...
လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖတို့ ကျူရှင်ရန်ကင်းနိုင်ကြပါစေ...
တစ်ပြားမရှိ၊ တပည့်မရှား၊ ပီတိကိုစား၊ အားရှိပါ၏ ဆရာ၊ ဆရာမများ အနာဂတ်အရေးတွေးပူဆင်ခြင်နိုင်ကြပါစေ...။ ။
Comments