top of page

နိုင်ငံသားစိစစ်ရေးကတ်ပြား(နိုင်-၆(က))ကိုင်ထားတိုင်း နိုင်ငံသားလား

  • Writer: Ye Myo Zaw
    Ye Myo Zaw
  • Apr 12, 2020
  • 1 min read

Updated: Apr 19, 2020

ဆောင်းပါးရှင် – မောင်သာ.K


၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ အခန်း(၂)တွင် နိုင်ငံသားဖြစ်ခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ ၃ မှ ပုဒ်မ ၂၂ အထိ ပြဌာန်းပါရှိပါသည်။ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၂(ခ)တွင် နိုင်ငံသားဆိုသည့်စကားရပ်မှာ မြန်မာနိုင်ငံသားကို ဆိုလိုကြောင်း အဓိပါ္ပယ် ဖွင့်ဆိုထားပါသည်။ ထိုဥပဒေပုဒ်မ-၂(စ)တွင် နိုင်ငံသားလက်မှတ်ဆိုသည်မှာ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်(ရွေးချယ်ရေး)အက်ဥပဒေအရဖြစ်စေ၊ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေအရဖြစ်စေ၊ ဤဥပဒေအရဖြစ်စေ ထုတ်ပေးသော နိုင်ငံသားလက်မှတ်ကို ဆိုသည်ဟုလည်း အဓိပါ္ပယ်ဖွင့်ထားပါသည်။


မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၇၅(ဤဥပဒေပါ ပြဌာန်းချက်များကို ဆောင်ရွက်နိုင်ရန်အလို့ငှာ ဝန်ကြီးအဖွဲ့သည် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာအမှတ် ၁၃/၈၃ဖြင့် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို (၂၀-၉-၁၉၈၃)နေ့က ထုတ်ပြန်ခဲ့ပါသည်။


၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေမှာ ပြည်သူ့လွှတ်တော်မှ ပြဌာန်းသည့်ဥပဒေအမှတ်-၄/၁၉၈၂ ဖြစ်သော်လည်း ထိုဥပဒေအာဏာတည်သည့်ရက်ကို ထည့်သွင်းပြဌာန်းထားခြင်းမရှိသည့်အပြင် နောင်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်ဆုံးဖြတ်ချက်များအရလည်း ထိုဥပဒေအတည်ပြုသည့်နေ့ရက်ကို ပြဌာန်းကြေညာထုတ်ပြန်ခဲ့ခြင်းမရှိဘဲ နိုင်ငံသားဆိုင်ရာ နိုင်ငံသားဆိုင်ရာလုပ်ထုံးလုပ်နည်းတွင်သာ နိုင်ငံသားဥပဒေအာဏာတည်သည့်နေ့ရက်ကို (၁၅-၁၀-၁၉၈၂)နေ့ဟု ဝန်ကြီးအဖွဲ့မှ ထည့်သွင်းကြေညာခဲ့ပါသည်။


နိုင်ငံသားဆိုင်ရာလုပ်ထုံးလုပ်နည်းများတွင် နိုင်ငံသားလက်မှတ်အဖြစ် ပုံစံ(နိုင်-၆)ပန်းရောင်အဖုံးပါ စာအုပ်ကို နမူနာအဖြစ် ထည့်သွင်းဖော်ပြထားပါသည်။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပြဌာန်းသည့်နေ့ကစ၍ ယနေ့တိုင် နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေတွင် ဧည့်နိုင်ငံသားနှင့် ပြုနိုင်ငံသားအခန်း ပါဝင်နေရာ ထိုဥပဒေသည် ထိုစဉ်က အတည်ရှိနေသည့် ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်နှင့် အညီအညွတ်မဖြစ်ခဲ့သဖြင့် ဥပဒေပြဌာန်းသည့်၁၉၈၂ မှ ၁၉၈၈ ခုနှစ် နဝတအစိုးရက နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူသည့်နေ့အထိ ၆နှစ်ကျော်တိုင် Dead Law အဖြစ်ရှိနေရာက ၁၉၉၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရမည့်သူများနှင့် မဲဆန္ဒရှင်များ၏စာရင်းများကို ပြုစုမဲဆန္ဒပေးနိုင်ရန်အတွက် ထိုသေနေသော ဥပဒေကို နဝတအစိုးရက ပြန်လည်အသက်သွင်းခဲ့ပြီး နိုင်ငံသားဖြစ်သင့်သူများကို ရှေးဦးစွာ နိုင်ငံသားစိစစ်ရေးကတ်ပြား ပုံစံ(နိုင်-၆(က))ကို ထုတ်ပေးပြီး စိစစ်ခဲ့သည်။


ပြည်တွင်းနေသူတစ်ဦးသည် မြန်မာနိုင်ငံသားဟုတ်/မဟုတ် သေချာစွာ စိစစ်ပြီးမှ ပုံစံ(နိုင်-၆)ကို ပေးရမည်ဖြစ်ရာ၊ ယခုအဆင့်တွင် ထိုသူနိုင်ငံသားဟုတ်/မဟုတ် စိစစ်နိုင်ရန်အတွက် ပုံစံ(နိုင်-၆(က)) ခေါ် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုသာ လဝကဦးစီးဌာနမှ ယာယီထုတ်ပေးခြင်းဖြစ်ပါသည်။ ထိုပုံစံ(နိုင်-၆(က)) ကိုင်ဆောင်ထားသူသည် နိုင်ငံသားဥပဒေပုဒ်မ-၂(စ)တွင် အတိအလင်းပြဌာန်းထားသော ဤဥပဒေအရ ထုတ်ပေးသောနိုင်ငံသားလက်မှတ်ပုံစံ(နိုင်-၆)ကို ကိုင်ဆောင်ခွင့်မရရှိသေးမီ ထိုဥပဒေပုဒ်မ-၂(ခ)ပါ မြန်မာနိုင်ငံသားဟု တထစ်ချ မှတ်ယူမည်မဟုတ်ပါ။ နိုင်ငံသားဟုတ်/မဟုတ် စိစစ်ခံယူရသည့် အဆင့်သာဖြစ်ပါသည်။


နိုင်ငံသားလက်မှတ်ပုံစံ (နိုင်-၆)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပုံစံ (နိုင်-၆(က))ဆိုသည်မှာ တန်ဖိုးအရ အလွန်ကွာခြားသော စာရွက်စာတမ်း(၂)မျိုး ဖြစ်ပါသည်။


နိုင်ငံသားဆိုင်ရာလုပ်ထုံးလုပ်နည်း အပိုဒ်-၃၆တွင် နိုင်ငံသားလက်မှတ်ပုံစံ(နိုင်-၆)ကို အတုပြုလုပ်လျှင် ထောင်ဒဏ်(၁၅)နှစ် ကျခံစေရမည်ဟု သတ်မှတ်ထားပြီး၊ လုပ်ထုံးလုပ်နည်း အပိုဒ်-၃၇ တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပုံစံ (နိုင်-၆(က))ကို အတုပြုလုပ်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူခြင်း ခံရမည်ဟု ဖော်ပြပါရှိပါသည်။ သာမန်စာရွက်စာတမ်း တစ်စောင်ကို အတုပြုလုပ်သကဲ့သို့သောပြစ်ဒဏ်(၇)နှစ်ထက်မပိုသော ပြစ်ဒဏ်ကျခံကြရပါသည်။


စီရင်ထုံးများအရဆိုပါလျှင် ပုံစံ (နိုင်-၆(က))ကို အတုပြုလုပ်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၄၆၈ အရ (၇)နှစ်ထက်မပိုသော ပြစ်ဒဏ်နှင့် ငွေဒဏ်ကို ချမှတ်ပြီး၊ ပုံစံ(နိုင်-၆)ကို အတုပြုလုပ်လျှင် နိုင်ငံသားဥပဒေပုဒ်မ-၂၁ အရ ထောင်ဒဏ်(၁၅)နှစ်နှင့် ငွေဒဏ်ကို ကျခံကြရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ပုံစံ(နိုင်-၆)၏ တန်ဖိုးနှင့် ပုံစံ(နိုင်-၆(က))၏တန်ဖိုးမှာ အလွန်ခြားနားပါသည်။


ပုံစံံ(နိုင်-၆)တွင် ၁၉၄၈ ခုနှစ်က ဥပဒေ(၂)ရပ်အရ ထုတ်ပေးထားသည့် UCC ခေါ် နိုင်ငံသားလက်မှတ် ကိုင်ဆောင်ခွင့်ရရှိသူများသည် မြန်မာနိုင်ငံသားများ ဖြစ်ကြပါသည်ဟု ဝင့်ကြွားစွာ ပြောဆိုနိုင်ကြမည်ဖြစ်သော်လည်း ပုံစံ(နိုင်-၆(က))ကိုင်ဆောင်ခွင့် ရရှိထားသူများသည် မိမိတို့ကိုယ်ကိုယ် နိုင်ငံသားများဖြစ်ပါသည်ဟု ဝင့်ကြွားစွာ ပြောဆိုနိုင်မည်မဟုတ်ပါ။


ဤသို့သောအခြေအနေတွင် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၅(ခ)တွင် ဖော်ပြထားသော ‘ဤဥပဒေ အာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူများသည် နိုင်ငံသားဖြစ်သည်’ ဟု ပြဌာန်းထားသည့် အခွင့်အရေးကို (၁၉၄၈ခုနှစ်၊ ဥပဒေနှစ်ရပ်အရ ထုတ်ပေးထားသည့် UCC ခေါ် နိုင်ငံသားလက်မှတ် ထုတ်ယူရရှိထားသူများမှအပ) မည်သူမျှ တရားဝင် ရရှိခံစားနိုင်ရမည်မဟုတ်ပါ။


နိုင်ငံသားလက်မှတ်ကိုင်ဆောင်သူသည် မြန်မာနိုင်ငံသားဖြစ်ကြောင်း ထိုလက်မှတ်ကို ပြသပြောဆိုနိုင်သော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူမှာ နိုင်ငံသားဟုတ်/မဟုတ် စိစစ်သည့်အဆင့်သာရှိသေးသဖြင့် ပုံစံ(နိုင်-၆)ကို ကိုင်ဆောင်ခွင့်ရရှိမှသာ နိုင်ငံသားအစစ်အမှန် ဖြစ်ပါသည်။


နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူသည် နိုင်ငံသားလက်မှတ် မရရှိသေးမီအချိန်အတွင်း နိုင်ငံသားဖြစ်သည်ဟု လွှတ်တော်နှစ်ရပ်က အသိအမှတ်ပြုလိုပါလျှင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဒီဂရီတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က ယာယီပြဌာန်းပေးရန် လိုအပ်မည်ဖြစ်သည်။ ထိုသို့ အမိန့်မရှိဘဲ ပုံစံ(နိုင်-၆(က)) ခေါ် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများသည် မိမိတို့ကိုယ်မိမိ တင်းပြည့်နိုင်ငံသားသယောင်သယောင် ဝင့်ကြွားနေမှုများသည် တည်ဆဲဥပဒေများကို နားမလည်ဘဲ ဂုဏ်မောက်နေမှုသက်သက်သာ ဖြစ်ပေတော့သည်။ ။


Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Ye Myo Zaw. Proudly created with Wix.com

bottom of page