top of page

စတုရန်းရဲ့ သီအိုရီ

  • Writer: Ye Myo Zaw
    Ye Myo Zaw
  • Apr 14, 2020
  • 2 min read

မောင်သာ K


ယနေ့မြန်မာနိုင်ငံ၏ ပညာရေးစနစ်အရ မိဘအများစုမှာ သူတို့၏ ရင်နှင့်လွယ်မွေး သားငယ်သမီးငယ်များကို အသက်ငါးနှစ်ခန့် အရွယ်ရောက်လာပြီ ဆိုပါက အခြေခံပညာ မူလတန်းကျောင်းသို့ ပို့ကြသည်မှာ အစဉ်အလာပင်။ ဟိုတစ်ချိန်တုန်းက "ဒီကျေးဇူးရှင်လေးတွေကို ကျွေးရ၊ မွေးရတာက တစ်မျိုး၊ ပညာသင်စရိတ်က တစ်ဖုံ" အစုံစုံဖြင့် မိမိတို့၏ ရင်သွေးများကို မူလတန်းပင် မထားခဲ့ကြသော မိဘများလည်း ရှိခဲ့ကြလေသည်။ ယခုခေတ်စနစ်ပြောင်းပြန်တော့ နိုင်ငံတော်အစိုးရပညာရေးမူအရ မူလတန်းအခမဲ့ပညာရေးစနစ် ဖြစ်ထွန်းလာခဲ့ရပေသည်။ တစ်ချိန်က 'ခို'ကပင် သနားရလောက်အောင် ညည်းညူခဲ့ကြသော မိဘများကပင် ကျောင်းစတင် လက်ခံအပ်နှံသည့်နေ့တွင် ကြိတ်ကြိတ်တိုးနေကြသည်ကို တွေ့ရတဲ့အခါ ပညာရေးလိုလားသူ ကျွန်တော့်အတွက်တော့ ပီတိနှစ်လုံး၊ ကြည်သာအပြုံး ပြုံးခဲ့ရသလို နိုင်ငံတော်အတွက်တော့ မင်္ဂလာရှိသည့် အချိန်အခါလို့ပင် ဆိုလိုက်ချင်ပါတယ် ခင်ဗျာ။ ကျောင်းတိုင်းမှာတော့ 'မည်သည့် အလှူငွေမျှ ကောက်ခံခြင်းမပြုပါ'၊'မည်သည့်တံစိုးလက်ဆောင်မှ လက်မခံပါ' စသောစာရွက်များကို ကျောင်တံဆိပ်တုံးနှင့်အတူ နှစ်လုံးသောမျက်စိ ကျိန်းလောက်အောင် ကျောင်းနံရံတွင် ကပ်ထားသည်ကိုလည်း တွေ့ရပါတယ်။ ထိုစာများမှာ ထိုနေ့ 'တစ်ရက်တည်းသာ' ဟူ၍သာ ဖြည့်စွက်၍ ကပ်ထားစေချင်ပါတယ်။

ကျောင်းသူကျောင်းသားများဘက်မှ ထူးချွန်၍ ဆုများရပြန်တော့လည်း ချီးမြှင့်ပေးရမှာက ဘယ်သူတွေလဲ။ အလှူငွေဆို၍ ကောက်ခံကြသည်က ဘယ်သူ့ထံကလဲ။ ကြိုးစားခဲ့ကြရသည့် ထူးချွန်ကျောင်းသူကျောင်းသားများထံမှပဲ မဟုတ်ပါလား။ အသိနှင့်ယှဉ်၊ သတိပြုဆင်ခြင်ကြည့်ပါကုန်၊ ကံ၊ဉာဏ်၊ ဝီရိယ သုံးပါးစလုံး၏ စောင်မမှုကြောင့် ထူးချွန်ကြရသည့် ကျောင်းသူကျောင်းသားများခမျာ ပျော်ခွင့်ရတော့မည့်အချိန်မှာ အသံမစဲ အလှူငွေ ကောက်ခံပွဲများကြောင့် မပျော်ရ။ "ကြိုးစားခဲ့မှုများရဲ့ ရလဒ်က ဒါပါလား" ဟုအတွေးများဝင်ရောက်မည်ကိုပင် စိုးရိမ်မိပါသည်။ သာမန် မထူးချွန်ကြသည့် ကျောင်းသားကျောင်းသူများ၏ နှလုံးအိမ်ထဲတွင်လည်း ၄င်းတို့အား အတုယူချင်သည့် စိတ်ဓာတ်များ၊ အားကျသည့် စိတ်ဓာတ်များမှာ ဤအတိုင်းဆိုလျှင်...။ ထူးချွန်ကြသည့် ကျောင်းသားကျောင်းသူများပင် ကြိုးစားချင်သည့် စိတ်ဓာတ်များမှာ ပျောက်ကွယ်သွားနိုင်ပြီး 'ခြင်္သေ့နှင့် ဆင်လာဘ်တော်ဝင်' ကိုပေးဆပ်ရတာသာ အဖတ်တင်သည်ဟု ထင်မြင်သွားနိုင်စရာ အကြောင်းရှိပါတယ်။ ကျွန်တော့် ထင်မြင်ချက်အရဆိုလျှင် အလှူငွေဆိုတာ "တစ်စုံတစ်ဦးသည် မိမိစိတ်ဆန္ဒအရ သဒ္ဒါတရားကြည်ဖြူစွာဖြင့် မိမိတတ်နိုင်သလောက် ထည့်ဝင်လှူဒါန်းသည့်ငွေ" ဖြစ်ပါတယ်။ ယခုကျပြန်တော့.။ သြော်.. ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးကသည်ကား ဤအတိုင်းဆက်သွားရင်တော့ အတွေးထူလျှင် သွေးဆူသွားစရာပင်။

ယနေ့ကျောင်းတွင် သင်ကြားလိုက်သည့် စာများကို ကျူရှင်မှာတစ်ခါ ပြန်လည်သင်ကြားခြင်း ဖြစ်နေပါတယ်။ ရှင်မဟာရဋ္ဌသာရ၏ "ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက..." ဟူသော ဆုံးမစာကို "သင်ပြန်သော်ကား၊ သင်ဖန်များက..." ဟူ၍ ပြောင်းလိုက်ပုံရပါတယ်။ သို့ပေမယ့်လည်း လစဉ်စာမေးပွဲမေးခွန်းများကိုတော့ ကြိုတင်၍အတိအကျပင် သင်ကြားပေးနေသည်ကို အရပ်ထဲကပါ ပြောလာကြပါပြီ။ သြော်... "အလွန်တရာ၊ သစ်ရိပ်မှာလျှင်၊ ချမ်းသာသည်ထက်၊ စုံမက်မြတ်နိုး၊ ဆွေမျိုးမိဘ၊ အရိပ်ရသော်၊ အေးမြသည်ပင်၊ ထိုထက်လျှင်လည်း၊ ပဲ့ပြင်ဆရာ" ၏စေတနာကား အံ့သြလောက်ပါဘိ။ ကျူရှင်သို့တက်ရန် ထိုသို့သင်ကြားပေးမှုဖြင့် အကြီးမားဆုံးမဲဆွယ် စည်းရုံးကြသည်။

ကျွန်တော်တို့ နေထိုင်ရာမြို့နယ်ရှိ မူလတန်းကျောင်း တစ်ကျောင်းတွင် ကျောင်းချိန်ပြီးသည်နှင့် တစ်ဆက်တည်း အတန်းပိုင်ဆရာမက အတန်းထဲမှာပင် ကျူရှင်ကို ဆက်ပြပြန်လေတော့သည်။ ကျောင်းအုပ်ဆရာမကြီး၊ သက်ဆိုင်ရာဆရာ၊ ဆရာမများနှင့် မိဘအချို့တို့၏ "စုပေါင်းညီညာ အောင်ကြောင်းဖြာ" မှုတစ်ခုပင် ဆိုလိုက်ချင်ပါသည်။

အထက်တန်း (၉၊ ၁ဝတန်း) ကျပြန်တော့ ထိုသို့မဟုတ်ပြန်။ တရားဝင်ကျူရှင်များကို ကျောင်းသူကျောင်းသား၊ မိဘနှင့် ဆရာ၊ဆရာမများကပါ အားကိုးလာကြပေသည်။ အထူးသဖြင့် ၁၀ တန်းကျောင်းသားဘဝတွင် ကျောင်းဆရာ၊ဆရာမအချို့သည် အခွင့်အရေး ရသဖြင့် ကျောင်းတွင် စာသိပ်မသင်တော့သည်ကို ကျွန်တော့် ကိုယ်တွေ့မို့ မမေ့နိုင်။ သင်ပြန်တော့လည်း တတ်အောင်မသင် သင်ရိုးညွှန်းတမ်း ပြီးစီးရေးသာ အဓိကထားကာ မာရသွန်အပြေးပြိုင်ပွဲ ဝင်နေသလားပင်။ အမြန်နှုန်းဖြင့် စိတ်မပါလက်မပါ သင်ကြားခဲ့သည်ကိုလည်း ကြုံခဲ့ရပါသည်။ လုံးဝမသင်သော ဆရာ၊ဆရာမအချို့ပင် ရှိကြပါသေးသည်။ စာမေးပွဲဖြေဆိုရန် မလိုအပ် ဘာသာရပ်အချိန်များတွင်လည်း "လုပ်စရာရှိတာလုပ်၊ ရေးစရာရှိတာရေး၊ ကျက်စရာရှိတာကျက်ကြ" ဟူသော သြဝါဒသုံးခွန်းသာ သင်ကြားပို့ချသွားပါတယ်။ အချို့ဆရာ၊ဆရာမကျပြန်တော့ တပည့်လုပ်သူအား 'ဆရာအတတ်သင်' လေ့ကျင့်သင်ကြားပေးနေကြသလိုပင်။ အတန်းထဲသို့ ဝင်လာသည်နှင့် 'တပည့်တို့... ဝိုက်ဘုတ်(White board)မှာရေးတတ်တဲ့သူရှိလား'ဟု လူရည်ချွန်ရွေးပွဲ စတင်ပါတော့သည်။ ထိုအခါ ကျောင်းသူကျောင်းသားအချင်းချင်း ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချနှင့် နောက်ဆုံး အတန်းခေါင်းဆောင် လုပ်ရသူမှာ ဆရာမ၏ ငြိုငြင်မှုကို စိုးရွံ့၍ ခေါင်းကလေးကုတ်ကာ လေးလံသော ခြေလှမ်းများနှင့် အတန်းရှေ့သို့ ထွက်လာခဲ့ရပါတော့သည်။ ထို့နောက် ဆရာမက သူ၏ အထူးထုတ်ကြီးအား ပေးအပ်ကာ 'ဘယ်ဟာဘယ်ဟာကို ရေးလိုက်၊ ကျန်တဲ့ကျောင်းသူကျောင်းသားတွေ လိုက်ကူး မင်းကတော့ ပြီးမှပြန်ကူးလိုက် မနက်ဖြန်စစ်ဆေးရေးလာမှာနော်။ အားလုံးလိုက်ကူးကြ၊ ငါကတော့ မနက်ဖြန်အတွက် စာရင်ဇယားတွေ၊ ရေးစရာတွေ အများကြီးကျန်သေးလို့ ရေးလိုက်ဦးမယ်' ဟုပြောပြီးအတန်းမှ ထွက်ခွာသွားပါသည်။ ဤသို့ဖြင့် တပည့်များအား ရေကူးချန်ပီယံကြီးများဖြစ်အောင် လေ့ကျင့်ပေးတတ်သလို သူ့ခမျာကျပြန်တော့ မနက်ဖြန် စစ်ဆေးရေးအတွက် တိုက်ကွက်များ၊ ခံစစ်ဗျူဟာများ၊ စိတ်ကူးယဉ်ဇာတ်လမ်းများ ဖန်တီးနေရပါသည်။ ထို့အတွက်ကြောင့် တက္ကသိုလ်ဝင်တန်းအတွက် ရည်မှန်းချက်ကြီးကြီးထားသော ကျောင်းသူကျောင်းသားများမှာ ကျောင်းတက်ရသည်ကို အချိန်သာ ကုန်သည်၊ ဘာစာမှ ကောင်းကောင်းနားမလည်၊ သဘောမပေါက်ဟူ၍ အတွေးဝင်ပြီး ကျောင်းပျက်လာကြတော့သည်။ သို့ပေမယ့် "ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်းမပြည့်ခဲ့ရင် တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် လျှောက်လွှာမပေးဘူးနော်" ဟူ၍ ခြိမ်းခြောက်မှုများလည်း ရှိနေပြန်ပါသည်။ တွေ့ဆုံကြမည်၊ စုဝေးကြမည်၊ ဝေလေလေလုပ်ကြမည် ဟူသော ရည်ရွယ်ချက်ဖြင့် ကျောင်းသွားနေကြသော ကျောင်းသူကျောင်းသားကလည်း တက္ကသိုလ်ဝင်တန်းတွင် အတော်များလာသည်ကို ရင်နင့်ဖွယ်ရာ တွေ့ရပါသည်။ ထို့ကြောင့် ယခုနှစ် ၂၀၁၂ တက္ကသိုလ်ဝင်တန်း၌် မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ် အများစုတွင် အောင်ချက်ရာခိုင်နှုန်း တက်လာသလား၊ ကျလာသလား ဆိုသည်ကို အထင်အရှားတွေ့မြင်နိုင်ပါသည်။

ယခုခေတ် ကျောင်းသူကျောင်းသားများသည် ကျောင်းမှစာသင်လျှင်လည်း သင်တဲ့စာကို ကိုယ်တိုင်တတ်သိအောင် အားမထုတ်၊ ကျူရှင်က တတ်အောင် သင်လိမ့်မယ်ဆိုတဲ့ မှီခိုတတ်သည့်အကျင့်၊ တစ်ပုဒ်တလေ သင်ပြီး အိမ်စာများသာ အသေအလဲ ပေးတတ်သော ကျောင်းသား ဗဟိုပြုစနစ်နှင့် စဉ်ဆက်မပြတ်အကဲခတ်၊ အခန်းတစ်ခုပြီးတိုင်း လစဉ် လေ့ကျင့်ခန်းတွေကိုသာ မေးခဲ့ဖြေခဲ့ကြသဖြင့် အတန်းတင်စာမေးပွဲဖြေဆိုရာတွင် အခက်အခဲများ ရင်ဆိုင်လာကြရပါတော့သည်။ အပြောမဟုတ်၊ သက်သေထုတ်ရမည်ဆိုပါက ဆွေးနွေးပွဲတစ်ခုတွင် ကျောင်းအုပ်ဆရာကြီးက "ဒီနှစ်အောင်ချက်မြင့်မားအောင် ဘာလုပ်ကြမလဲ" ဟုမေးခွန်းထုတ်သည့်အခါ ကျောင်းသားတစ်ဦးထံမှ "ကျောင်းများများ ပျက်ခွင့်ပေးရပါမယ်" ဟုပွင့်ပွင့်လင်းလင်း ထဖြေသံ ကြားရပါသည်။ လက်ရှိ ပညာသင်ကြားမှုတွေမှာ မိဘများရဲ့အခန်းကဏ္ဍကလည်း အရေးပါသလို အမှတ်ကောင်းရဖို့ ကျောင်း၊ ကျူရှင်၊ Guide၊ ဝိုင်းတွေနဲ့ ကြပ်မတ်သင်ကြားမှုများကြောင့် အမှတ်ကောင်းရသော်လည်း ကိုယ်တိုင်တတ်သိနားလည်မှုတွေ လျော့နည်းတတ်ကြောင်းကို "စာမေးပွဲအောင်ဖို့၊ အမှတ်ကောင်းဖို့ အဓိကထားပြီး ကျောင်းစာ၊ ကျူရှင်စာ၊ Guide တွေနဲ့ ဝန်ပိပြီး အောင်သာအောင် ဘာမှမတတ် ဖြစ်နေတာတွေရှိတယ်။ ပိုဆိုးတာက ကိုယ့်ကိုယ်ကို ယုံကြည်စိတ်မရှိတော့တာတွေ ကျောင်းသူကျောင်းသားတွေမှာ ဖြစ်ပေါ်နေတယ်" လို့ Victoria University ကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာနေဝင်းနိုင်က ဟောပြောပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

အရှင်မဟာမောဂ္ဂလာန်၏ အမေးဝတ္ထုများ၊ ဓမ္မပဒတွင်လည်း မှန်သောစကားကိုသာ ပြောကြားစောင့်ရှောက်ခြင်းသည် နတ်စည်းစိမ်ပင် ခံစားရနိုင်သည်ဟာ ဖော်ပြထားပါတယ်။ ကျွန်တော်၏ ရေးသားချက်များသည် ကျွန်တော်တို့နိုင်ငံတွင် ဖြစ်ပွားနေသော ဖြစ်ရပ်မှန်များပါ။ မယုံကြည်ရင်တော့ အလွန်တရာ နာမည်ကြီးလှသည့် ကျောင်းများကိုသာ သွားရောက်စစ်ဆေးခြင်းမပြုဘဲ ဆင်ခြေဖုံးရပ်ကွက်ရှိ ကျောင်းများသို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ တစ်ခါလောက် ရောက်ဖူးတယ်ရှိအောင် သွားရောက်စစ်ဆေးကြည့်ကြပါဟု နှိုးဆော်အပ်ပါသည်။

လာမည့် ငါးနှစ်အတွင်း နိုင်ငံတော်၏ စီးပွားရေးကို သုံးဆမျှ မြင့်မားတိုးတက်လာရန် မျှော်မှန်းဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတကြီးထံမှ မကြာသေးမီက ကျင်းပခဲ့သည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်တွင် အတိအလင်း ထုတ်ဖော်မိန့်ကြားထားပြီးဖြစ်ပါသည်။

နိုင်ငံတော်၏ အမျိုးသားဝင်ငွေ တိုးတက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှု ကဏ္ဍအသီးသီး၏ စွမ်းဆောင်ရည်မြင့်မားမှုပေါ်တွင် တည်နေပါသည်။ တစ်နည်းအားဖြင့် တိုင်းပြည်တွင် ကုန်ထုတ်လုပ်မှုစွမ်းအားကို မြင့်မားအောင် စွမး်ဆောင်နိုင်သည့် လုပ်သားအင်အား တောင့်တင်းခိုင်မာမှု၊ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းမှုအပေါ် မူတည်နေပါသည်။ ထိုသို့ စွမ်းဆောင်ရည်ပြည့်ဝသော လုပ်သားအင်အား၏ အခြေခံမှာ ယနေ့ကျောင်းနေရွယ် ကျောင်းသူကျောင်းသား လူငယ်များအပေါ်တွင် လုံးဝ အခြေပြုလျက်ရှိသည်ဆိုသည်ကို လူတိုင်း နားလည်သဘောပေါက်ကြပါလိမ့်မည်။

ပညာရေးအရေးပါမှုကို လေ့လာကြည့်ပါက နိုင်ငံငယ်ကလေးဖြစ်သော စင်ကာပူနိုင်ငံသည် လွတ်လပ်ရေးရပြီး သဘာဝ သယံဇာတမရှိ၊ သောက်ရေကို မလေးရှားမှ ဝယ်ယူရပေမယ့် လက်ရှိတိုးတက် ချမ်းသာနေရခြင်းဟာ ပညာရေးကဏ္ဍကို အဓိကထား ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီကွမ်ယူက စင်ကာပူကို ပညာအဟုန်နှင့် ပထမတန်းစားနိုင်ငံဖြစ်အောင် လုပ်ခဲ့တယ်လို့ ကမာ႓သိ ရေးသားဖော်ပြခဲ့ပါတယ်။

မိမိတို့နိုင်ငံ၏ အတိတ်ဖြစ်စဉ်များကို သင်ခန်းစာယူ၍ ဆရာ၊ ကျောင်းသား၊ မိဘ၊ နိုင်ငံတော်အစိုးရဟူသည့် အနားလေးနားတို့က လေးနားညီစတုရန်းဖြစ်စေရန် ပညာရေးကဏ္ဍတွင်ကောင်းသော ပြုပြင်ပြောင်းလဲမှုများကို တစ်ပြိုင်တည်း အလေးပေး ဆောင်ရွက်သင့်ပါကြောင်းတိုက်တွန်းပါရစေခင်ဗျာ။

မောင်သာ K


မြန်မာသံတော်ဆင့်သတင်းစာ THE MYANMAR HERALD

အတွဲ-၁၊ အမှတ် (၂၅)၊ ၁ - ၇ စက်တင်ဘာ၊ ၂၀၁၂ ခုနှစ်


စာရေးသူ၏ ပထမဆုံးပုံနှိပ်စာမူ ဖြစ်သည်။

Commentaires


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Ye Myo Zaw. Proudly created with Wix.com

bottom of page